နေပြည်တော် ဧပြီ ၃၀

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာညွန့်ဖေနှင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည် ဖြေဆိုမည့်ကျောင်းသား ကျောင်းသူ များအား ဘာသာရပ်အလိုက် သင်ကြားပေးမည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ဆရာ ဆရာမ များ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃)ရှိ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ နေပြည်တော်ကောင်စီပညာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် များမှသင်ကြားမည့် ဆရာ ဆရာမများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို သတ်မှတ်ထားသော ကျောင်းများ၌ မေ ၂ ရက်တွင် စတင်သင်ကြားပေးရန် စာရင်းပေးထားသည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်များမှ ဆရာ ဆရာမ ပေါင်း ၁၀၇၆ ဦးရှိကြောင်း၊ လေဆိပ်၊ ကားဂိတ်တို့တွင် တာဝန်ရှိသူများက ကြိုဆိုနေကြမည်ဖြစ်ကြောင်း၊ သဘာဝဘေးဒဏ် ခံစားရသည့် ဒေသများမှ ကျောင်းသား ကျောင်းသူများကို စာမေးပွဲ ကောင်းမွန်စွာ ဖြေဆိုနိုင်ရန်အတွက် လာရောက်ကူညီပေးခြင်းဖြစ်သည့်အတွက် ဆရာ ဆရာမများ နေထိုင်၊ စားသောက်၊ သွားလာရေး အဆင်ပြေစေရန် တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် ပညာရေး မှူးရုံးအသီးသီးရှိ ဝန်ထမ်းများက ဝိုင်းဝန်းစောင့်ရှောက်ကူညီပေးကြရမည်ဖြစ်ကြောင်း၊ စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများကို သွားရောက် သင်ကြားပေးခြင်းသည် ပညာဒါန မြောက်သည်ဖြစ်၍ ကျောင်းသား ကျောင်းသူများအား သင်ခန်းစာ များ၊ မေးခွန်းပုံစံများကို သေချာစွာ နားလည်သဘောပေါက်နိုင်စေရန် စေတနာအပြည့်ဖြင့် သင်ကြား ပေးစေလိုကြောင်း၊ သမိုင်းမှတ်တိုင်စိုက်ထူနိုင်မည့် စာသင်ကြားပေးသည့်အစီအစဉ်တွင် ပါဝင်ကြမည့် ဆရာ ဆရာမများအားလုံးကို ကျေးဇူးတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာ ဇော်မြင့်နှင့် ဦးနေမျိုးလှိုင်တို့က ဘာသာရပ် ပါမောက္ခများ အနေဖြင့် ဆရာ ဆရာမများကို သင်ပြနည်းများ လေ့ကျင့်ပေးရေးနှင့် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ အားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာများ ကို ဆွေးနွေးပြောကြားကြသည်။

 

ယင်းနောက် တက်ရောက် လာသူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည် ဆွေးနွေးပြောကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည် ထောင်စုဝန်ကြီးသည် ငလျင်ဘေးဒဏ်သင့်ပညာရေးဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ နေထိုင်ရန် နှစ်ခန်းတွဲ ဘာရှာ အဆောက်အအုံများ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး နေအိမ်များ ခိုင်ခံ့မှုရှိစေရေး၊ မိုးဒဏ်လေဒဏ် ခံနိုင်မှုရှိစေရေး၊ အရည်အသွေးများ ပြည့်မီစေရေး၊ အမြန်ပြီးစီးရေးတို့အတွက် တာဝန်ရှိသူများက အလေးထားဆောင် ရွက်ကြရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်