နေပြည်တော် ၁၃ မတ်
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် မြန်မာ နိုင်ငံဆိုင်ရာ သြစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့ အား ယနေ့နံနက်ပိုင်းတွင်လည်းကောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့် Exploring Myanmar Culture & Tourism Organization အဖွဲ့ တို့အား မွန်းလွဲပိုင်းတွင်လည်းကောင်း ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီ လက်ခံတွေ့ဆုံသည်။
သြစတြေးလျနိုင်ငံ သံအမတ်ကြီးနှင့်အဖွဲ့အား တွေ့ဆုံစဉ် မြန်မာနိုင်ငံတွင် ပူးပေါင်းဆောင်ရွက်ရန် စိတ်ပါဝင်စားသည့် နယ်ပယ်များ၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် တိုးတက်လာသည့်အခြေအနေများ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အဆင့် မြင့်မားလာရေးဆောင်ရွက်နေမှုများ၊ တိုးတက်လာသည့် နည်းပညာများကြောင့် မီဒီယာနယ်ပယ်၌ ပြောင်းလဲဖြစ်ပေါ်မှုများ၊ လူမှုမီဒီယာနှင့် အမုန်းစကား ရေးသားပြောဆိုမှုများ၏ စိန်ခေါ်မှုများ၊ နိ်ုင်ငံပိုင်မီဒီယာ၏ အခန်းကဏ္ဍနှင့် အရေးပါမှု စသည်တို့နှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်နှင့်တွေ့ဆုံစဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း၊ မီဒီယာနှင့် စာကြည့်တိုက်များလေ့လာ ကြည့်ရှုရေး၊ နှစ်နိုင်ငံမီဒီယာခရီးစဉ်များ အပြန်အလှန်ဖလှယ်ရေး၊ Documentary အစီအစဉ်များရိုက်ကူးရေး၊ သမ္မတရှီကျင့်ဖျင်၏ The Governance of China စာအုပ် လှူဒါန်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Exploring Myanmar Culture & Tourism Organization အဖွဲ့နှင့် တွေ့ဆုံစဉ် အဆိုပါအဖွဲ့က မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေ အနှစ်များ၊ သဘာဝရှုခင်းအလှအပများ၊ ဓလေ့ထုံးစံများကိုနောက်ခံထား၍ ဖော်ကျူး ရိုက်ကူးပြသမည့် Variety Program ရုပ်မြင်သံကြားဇာတ်လမ်းတွဲရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများတက်ရောက် ကြသည်။
(သတင်းစဉ်)


