နေပြည်တော်၊ ဩဂုတ် ၁၁
    
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် အာဆီယံခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင် များအတွက် အပြန်အလှန်အသိအမှတ်ပြု‌ရေးအစီအစဉ် (ASEAN Mutual Recognition Arrangements on Tourism Professional ASEAN MRA-TP) ကို အဖွဲ့ဝင်နိုင်ငံများနှင့်အတူ အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ ASEAN MRA-TP ကို မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းကဏ္ဍတွင် ကျယ်ကျယ် ပြန့်ပြန့် ဖော်ဆောင်နိုင်စေရန်ရည်ရွယ်၍ ASEAN MRA-TP အသိ ပညာ ပေးဆွေးနွေးပွဲကို  ယနေ့ ညနေပိုင်းတွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ကျောက် စိမ်း ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။
    
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဌေးအောင်၊ ဝန်ကြီးဌာနမှ ညွှန်ကြား ရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း/ အမှုထမ်းများ၊ နိုင်ငံအဆင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များအဖွဲ့ (NTPB) နှင့် ခရီးသွားလုပ်ငန်း ကျွမ်းကျင်ပညာရှင်များ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေးအဖွဲ့ (TPCB) အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ရုံးခွဲများမှ အရာထမ်း/ အမှုထမ်းများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ် များ တက်ရောက်ခဲ့ကြသည်။
    
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ASEAN MRA-TP သဘောတူညီချက်တွင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အမျိုး အစား (၃၂) မျိုးအပြင် ယခုအခါ MICE အလုပ်အကိုင် (၂၁) မျိုးနှင့် Event အလုပ်အကိုင် (၁၁) မျိုး၊ နောက်ထပ် (၃၂) မျိုးကို ထပ်တိုးအတည်ပြုသွားနိုင်ရေးအတွက် နောက်ဆက်တွဲ ပြင်ဆင်ချက် အခြေပြစာချုပ် Protocol to Amend the ASEAN MRA-TP ကို အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများက လှည့်လည်စာဖြင့် လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းအခြေပြစာချုပ်အရ ASEAN MRA-TP ယန္တရားအောက်တွင် အလုပ်အကိုင် (၆၄) မျိုး အထိရှိလာမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ASEAN MRA-TP ကို အဓိက key player များဖြစ်သည့် အမျိုးသားအဆင့် Master Trainer နဲ့ Master Assessor တို့က ဦးဆောင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ASEAN MRA-TP အကောင်အထည်ဖော်ဆောင်ရာတွင် အားသာချက်၊ အားနည်းချက်များ ရှိနေနိုင်သဖြင့် လိုအပ်ချက် များကိုလည်း ရှုထောင့်ပေါင်းစုံက ပြန်လည်လေ့လာစိစစ်ပြီး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက် သွားကြရန်လိုအပ်ပါကြောင်း၊ သို့မှသာ အာဆီယံဒေသတွင်း ဝန်ဆောင်မှု ကုန်သွယ်ရေးနှင့် အခြား သောသဘောတူစာချုပ်များ၊ မူဘောင်များအရ အကောင်အထည်ဖော် ဆောင်မှု လုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့နိုင်ငံများနဲ့အတူ ဟန်ချက်ညီညီ လိုက်ပါပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အတွက် နယ်ပယ်အသီးသီးမှ တက်ရောက်နေကြသော တတ်သိပညာရှင်များက  တတ်ကြွစွာ ပါဝင် ဆွေးနွေး အကြံပြုကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

    ဆက်လက်၍ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်ပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးနောင်နောင်လင်းအောင်က ASEAN MRA-TP အကောင်အထည်ဖော်ဆောင်မှု များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်မြမြသက်က ခရီးသွားလုပ်ငန်းကျွမ်းကျင်ပညာရှင်များ ရွှေ့ပြောင်းသွားလာမှုလွယ်ကူချောမွေ့ စေရေး ဆောင်ရွက်နေမှုကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာပြည့်ကျော်သူက သက်မွေးပညာသင်တန်းများ ဖွင့်လှစ်ပို့ချနေမှုကို လည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဝင်းမင်းဖြိုး က ဝန်ဆောင်မှုကုန်သွယ် ရေးဆိုင်ရာ ဆောင်ရွက်နေမှုကိုလည်းကောင်း ဆွေးနွေးတင်ပြခဲ့ကြပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။ (သတင်းစဉ်)