နေပြည်တော် ၇ မတ်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် BRAC International မှ Executive Director Mr.Faruque Ahmed နှင့် The Freedom Fund အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာအိကလျာမိုးတို့အား ယနေ့နံနက်ပိုင်းတွင် ဝန်ကြီးရုံး မေခလာခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
BRAC International အဖွဲ့နှင့်တွေ့ဆုံစဉ် သဘာဝဘေးအန္တရာယ် လျော့ပါးရေး၊ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သည့် လူမှုအသိုင်းအဝန်းများ ဖြစ်ပေါ်လာရေးအတွက် အသိပညာပေးဆိုင်ရာနှင့် အခြေခံအဆောက်အဦပိုင်းဆိုင်ရာ ပေါင်းစပ်၍ မျှတစွာဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုများ ဆောင်ရွက်ရာတွင် နိုင်ငံတော်အဆင့် စီမံကိန်းများ၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း၊ မြန်မာနိုင်ငံ သဘာဝဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းစီမံချက်တို့နှင့် စနစ်တကျ ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် BRAC မှဆောင်ရွက်မည့် အသေးစားချေးငွေလုပ်ငန်းများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးကြသည်။
အလားတူ The Freedom Fund အဖွဲ့နှင့်တွေ့ဆုံစဉ် တရုတ်နိုင်ငံသို့ ထိမ်းမြားလက်ထပ်ရန် အဓမ္မခိုင်းစေခြင်းခံရသည့် လူကုန်ကူးခံရသူ မြန်မာအမျိုးသမီးများနှင့် မိန်းကလေးငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် တားဆီးကာကွယ်ခြင်းစီမံကိန်း အခြေပြုအကောင်အထည်ဖော် ဆောင်ရွက်မည့် မြို့နယ်များ၊ ဘဏ္ဍာရေးအထောက်အပံ့ပေးမည့် အဖွဲ့အစည်းများ၊ ထိမ်းမြားလက်ထပ်ရန် အဓမ္မခိုင်းစေခြင်းခံရသူများ၊ အငှားကိုယ်ဝန်ဆောင်ရန် အဓမ္မခိုင်းစေခြင်းခံရသူများ ကာကွယ်တားဆီးမှုနှင့် ၎င်းတို့၏ ဘဝပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ကူညီရေးဆိုင်ရာများကို ဆွေးနွေးကြသည်။
(သတင်းစဉ်)


