နေပြည်တော် ၂၆ ဧပြီ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့သို့ရောက်ရှိပြီး မြို့ပေါ်(၃)ရပ်ကွက်နှင့် အင်းကုန်းငါးဆူကျေးရွာအုပ်စုအတွင်း မိုးသီးကြွေကျ၍ နေအိမ်အမိုးများ ပျက်စီးဆုံးရှုံးမှုများကို လိုက်လံကြည့်ရှုပြီး ဒေသခံဘေးဒဏ်သင့်ပြည်သူများအား တွေ့ဆုံကာ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို မေးမြန်းပြီး အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဗထူးခန်းမ၌ ကျင်းပသော ဘေးဒဏ်သင့်ပြည်သူများအတွက် ထောက်ပံ့မှုပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်ပြီး အားပေးအမှာစကားပြောကြားရာ၌ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ရသင့်ရထိုက်သော အခွင့်အရေးများကိုသာ တူညီမျှခံစားရရှိအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနကလည်း ပြည်သူများ၏ ဘေးဒုက္ခများ၊ လူမှုဒုက္ခများကို အမြန်ဆုံး ကူညီဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပြီး မူလအခြေအနေထက် ပိုမိုကောင်းမွန်စေရန် လိုအပ်သော ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ သဘာဝဘေးများနှင့် ပတ်သက်၍ ကမ္ဘာ့ရာသီဥတုသည် ဖောက်ပြန်ပြောင်းလဲလာပြီး မြန်မာနိုင်ငံ တွင်လည်း သဘာဝဘေးဒဏ်များကို ကြုံတွေ့ခံစား နေရပြီဖြစ်ရာ ဤဒေသ၌ မိုးသီးကြွေကျခြင်းသည် ရာသီဥတုဖောက်ပြန်မှု၏ အကျိုး သက်ရောက်မှုပင် ဖြစ်ပါကြောင်း၊
ထို့အတွက်ဝန်ကြီးဌာန၏ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် ပျက်စီးဆုံးရှုံးမှုများအတွက် အိမ်ဆောက်ပစ္စည်းဘိုးငွေများ၊ ဆန်ရိက္ခာဘိုးငွေများအပြင် လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ထောက်ပံ့ငွေများပါ ယနေ့အခမ်းအနားတွင် ပေးအပ်သွားမှာ ဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်ဖြစ်သည့် ကိုယ်ဝန်ဆောင်နှင့် ၎င်းမှ မွေးဖွားသော ကလေးအသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့ခြင်းနှင့် ပညာပေးခြင်း အစီအစဉ်ကို လာမည့် (၂၀၁၉ -၂၀၂၀) ဘဏ္ဍာနှစ်တွင်ရှမ်းပြည်နယ်၌ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ကလေးငယ်များအား ရှေးဦးအရွယ်ကလေးသူငယ်စောင့်ရှောက်ရေးနည်းလမ်းဖြင့် မိခင်ဝိုင်းများ၊ နေ့ကလေးထိန်းကျောင်းများ၊ မူလတန်းကြိုကျောင်းများဖွင့်လှစ်၍ ပြုစုလေ့ကျင့်ပေးလျက်ရှိကြောင်း၊ လူငယ်များ၏ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လူငယ်မူဝါဒကို ဖြန့်ချိပြီးမဟာဗျုဟာနှင့် လုပ်ငန်းစဉ်များချမှတ် အကောင်အထည်ဖော်လျက်ရှိကြောင်း၊ သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးပါကြောင်း၊ မသန်စွမ်းများအတွက် ကနဦးထောက်ပံ့မှုများ ပေးလျက်ရှိပြီး မသန်စွမ်းအဆင့်သတ်မှတ်ခြင်းများပြုလုပ်ပြီးပါက ၎င်းတို့၏ ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုဆောင်ရွက်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် စေတနာ့ဝန်ထမ်းလူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ဘေးအန္တရာယ်ဆိုင်ရာ ကိစ္စများ၊ လူမှုရေးရာကိစ္စများတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းနှင့် မိမိတို့ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူမှုအဖွဲ့အစည်းများ၊ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်မှာသာ အစိုးရ၏ရည်မှန်းချက်ဖြစ်သည့် တရား ဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်ပြီးရွာငံမြို့နယ် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌက မိုးသီးကြွေကျခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ယင်းနောက်ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့က မိုးသီးကြွေကျသည့် ဘေးဒဏ်သင့်အိမ်ခြေ (၁၉၇၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် (၁၅၆၈ ဒသမ ၁၉)သိန်းနှင့်ဆန်ရိက္ခာဖိုးငွေကျပ် (၂၀၇ ဒသမ ၃၇၅) စုစုပေါင်း ထောက်ပံ့ ငွေကျပ် (၁၇၇၆ ဒသမ ၁၆၅)သိန်း၊ ရွာငံမြို့ရှိ(၈)လနှင့်အထက်ကိုယ် ဝန်ဆောင်များ (၁၄၀)ဦးအတွက် ထောက်ပံ့ငွေကျပ် (၄၂)သိန်း၊ မီဖွားပြီးစ(၄၅)ရက်အတွင်း မိခင် (၁၇၀)ဦး အတွက် ထောက်ပံ့ငွေကျပ် (၅၁)သိန်း၊ ပင်းတယမြို့ရှိ ဓနုမြေဘိုးဘွားရိပ်သာအတွက် ထောက်ပံ့ငွေ (၁၄ ဒသမ ဝ၄)သိန်း၊ ပင်းတယ မူကြိုကျောင်း (၇)ကျောင်းအတွက်ထောက်ပံ့ငွေကျပ် (၄၉)သိန်းနှင့် ရွာငံမူကြိုကျောင်း (၂)ကျောင်း အတွက် ထောက်ပံ့ငွေကျပ် (၁၄)သိန်းတို့ကိုပေး အပ်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။
ထို့နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေကျပ်သိန်း (၁၀ဝ)၊ ဉာဏ်ကြီးရှင်ကော်ဖီလုပ်ငန်းက ထောက်ပံ့ငွေကျပ်(၂၅)သိန်းနှင့် ရွှေသံလွင် ကုမ္ပဏီကအိမ်မိုးသွပ်အချပ် (၁၀,ဝ၀ဝ) တို့ကိုလည်း အသီးသီး ထောက်ပံ့ခဲ့ကြသည်။
ထို့နောက်ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကျမှုဘေးကြောင့် ထောက်ပံ့ပေးမှုများနှင့် လူမှုကာကွယ် စောင့်ရှောက်ရေး ထောက်ပံ့မှုများ အတွက်ဒေသခံရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယနေ့ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့၌လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၉၄၆ ဒသမ၂၀၅) သိန်း ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


