နေပြည်တော် ၅ မတ်
နေပြည်တော်၌ လေ့လာရေးခရီး ရောက်ရှိနေသော ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ရှိ ကရင်လူငယ်အသင်းမှ လေ့လာရေးအဖွဲ့ဝင်များအား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲ ၂ နာရီတွင် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဦးစီးဌာနညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်နိုင်ပြီဖြစ်ရာ တိုင်းရင်းသားများအနေဖြင့် အဆိုပါရုံးများမှတစ်ဆင့် မိမိတို့ဒေသ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍ အသီးသီးရှိ လိုအပ်ချက်များအား တင်ပြဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုစနစ် မရရှိသေးမီကာလတွင် ဒီမိုကရေစီဖက်ဒရယ်စနစ်၏ အခြေခံဖြစ်သည့် တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်ရရှိရေး စသည့်အချက်အလက်များကို အပြည့်အဝရရှိအောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးသော်လည်း အထိုက်အလျောက် ဖြည့်ဆည်းပေးနိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူငယ်များအနေဖြင့် ပြည်ထောင်စုအဆင့်တွင်သာမက ခေတ်မီတိုးတက်နေသော ကမ္ဘာ့ရေးစီးကြောင်းတွင်ပါ ဝင်ဆံ့နိုင်ရန်အတွက် မှန်ကန်မြင့်မြတ်သော အသိပညာ ဗဟုသုတများ ရှာဖွေရန်လိုအပ်ကြောင်း၊ အဆိုပါမှန်ကန်မြင့်မြတ်သော အသိပညာများကို မိမိတို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွင်သာမက ပြည်ထောင်စုကြီး ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါ အသုံးချ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပေါ်ပေါက်လာပုံ၊ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်အောင်ဝင်းက ရှင်းလင်းတင်ပြပြီး လေ့လာရေးအဖွဲ့ဝင်များက သိရှိလိုသည်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။
ထို့နောက် လေ့လာရေးအဖွဲ့သည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၌ ခင်းကျင်းပြသထားသည့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် ဝတ်စားဆင်ယဉ်မှုပြခန်းများကို လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


