ရန်ကုန် နိုဝင်ဘာ ၁၆

 

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်းသည် ကျန်းမာရေး လူ့စွမ်းအားအရင်း အမြစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်ထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ နှစ်စဉ်ပြုလုပ်သော သက်ကြီး ဆရာဝန်ကြီးများ ကျန်းမာရေး စစ်ဆေးကုသမှု ဆောင်ရွက်ခြင်းကို ကြည့်ရှုအားပေးသည်။

 

ဦးစွာ သက်ကြီးဆရာဝန်ကြီးများအား တွေ့ဆုံ၍ ဆေးဝါးများ ထောက်ပံ့ပေးကာ သွေးဖောက် စစ်ဆေးခြင်း၊ ECG စစ်ဆေးခြင်း၊ ရင်ဘတ်ဓာတ်မှန် ရိုက်ကူးခြင်း၊ တယ်လီဗွီးရှင်းဓာတ်မှန် ရိုက်ကူးခြင်းနှင့် အရိုးသိပ်သည်းဆ တိုင်းတာစမ်းသပ်ခြင်း (Bone Densitometry)၊ အထွေထွေ ရောဂါအထူးကုဆရာဝန်ကြီးများ၊ သက်ကြီးရွယ်အိုဆေးပညာအထူးကုဆရာဝန်ကြီးများ၊ ဆီးချို သွေးချိုရောဂါ အထူးကုဆရာဝန်ကြီးများက ကျန်းမာရေးစစ်ဆေး ကုသပေးနေခြင်းတို့ကို  လှည့်လည် ကြည့်ရှုပြီး ခင်မင်ရင်းနှီးစွာ နှုတ်ဆက်အားပေးသည်။

 

အဆိုပါ သက်ကြီးဆရာဝန်ကြီးများ ကျန်းမာရေးစစ်ဆေးကုသခြင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန၊ မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ သက်ကြီးဆရာဝန်များ ထောက်ကူအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး သက်ကြီးဆရာဝန်ကြီး ၂၆၈ ဦးတို့အား ကျန်းမာရေးစောင့်ရှောက် မှုပေးခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဆေးတက္ကသိုလ်(၂)ရန်ကုန်သို့ သွားရောက်၍ မြသီလာ (အမျိုးသမီး)ဆောင်၊ သီတာ (အမျိုးသမီး) ဆောင်၊ ဥက္ကလာ(အမျိုးသား)ဆောင်များ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ရန်ပုံ ငွေဖြင့် ပြင်ဆင်ဆောက်လုပ်နေ သော Dormitory ခြောက်ထပ် ထမင်းစားဆောင် ဆောက်လုပ်ခြင်းနှင့် သံပန်းတပ်ဆင်ခြင်း လုပ်ငန်းများကို လှည့်လည်ကြည့်ရှုပြီး လာမည့်ပညာသင်နှစ်တွင် အသစ်ရောက်ရှိလာမည့် ကျောင်းသား ကျောင်းသူများ နေထိုင်မှု အဆင်ပြေစွာဖြင့် ပညာသင်ကြားနိုင်ရေး၊ လုံခြုံဘေးကင်းစွာ နေထိုင်နိုင်ရေး၊ အဆောက်အအုံ အရည်အသွေး ကောင်းမွန်စေရေးနှင့် အချိန်မီ ပြီးစီးစေရေးတို့အတွက် လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ဆေးတက္ကသိုလ် (၂) ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာမိုးဝင့်အောင်က အဆောင်နေ ကျောင်းသား ကျောင်းသူများ နေထိုင်နိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်