နေပြည်တော် ၆ မေ 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည်  တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဟုန်လျန်နှင့်အဖွဲ့အား ယနေ့ နံနက်(၁၁)နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဧည့်ခန်းမ၌  လက်ခံတွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ တရုတ်နိုင်ငံဘက်မှ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံဘုရားများ ပြုပြင်မွမ်းမံရေးဆိုင်ရာ အကူအညီပေးခဲ့မှု၊ သဗ္ဗညုဘုရား ပြုပြင်မွမ်းမံရေးနှင့် ရန်ကုန်မြို့ရှိ အမျိုးသားဇာတ်ရုံပြုပြင်ရေးအတွက် တရုတ်နိုင်ငံဘက်မှ နည်းပညာနှင့် ငွေကြေးထောက်ပံ့ပေးမှု၊ အဇာဘိုင်ဂျန်နိုင်ငံ၌ ၂၀၁၉ ခုနှစ်၊ ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့အမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရေး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထောက်ခံမှု ပြုနိုင်ရေး၊ ရခိုင်ပြည်နယ်၊ မြောက်ဦးဒေသရှိ ရှေးဟောင်းအဆောက်အအုံများ  ပြုပြင်ထိန်းသိမ်းရေးနှင့် မြောက်ဦးဒေသအား ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် စာရင်းတင်သွင်းရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ပြီး နှစ်နိုင်ငံအကြား သာသနာရေးနှင့်  ယဉ်ကျေးမှုဆိုင်ရာကိစ္စရပ်များ ပိုမိုပူးပေါင်းဆောင်ရွက် နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

(သတင်းစဉ်)