နေပြည်တော် ဇွန် ၁၂

 

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အိန္ဒိယကုန်သည်ကြီးများအသင်းတို့ဖိတ်ကြားမှုဖြင့် အိန္ဒိယနိုင်ငံ ကော်လ်ကတ္တားမြို၌ ကျင်းပသည့် BIMSTEC Business Conclave သို့ တက်ရောက်ရန် ရောက်ရှိနေသော စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်  ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ဖွဲ့စည်းထားသော အင်ဂျင်နီယာ ပို့ကုန်မြှင့်တင်ရေးကောင်စီ (Engineering Export Promotion Council-EEPC)မှ ကြီးမှူးကျင်းပသည့် Trade and Investment Opportunities ဆွေးနွေးပွဲသို့ တက်ရောက်သည်။

 

ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌနှင့် ကုန်သည်လုပ်ငန်း ရှင်များ၊ EEPC ဥက္ကဋ္ဌတာဝန်နှင့် နိုင်ငံခြားရေးရာကုန်သွယ်မှုမူဝါဒနှင့် ကမ္ဘာ့ကုန်သွယ်ရေးဆိုင်ရာ ဥက္ကဋ္ဌ Mr. P.K Shah ၊ ဒုတိယဥက္ကဋ္ဌ Mr. AakashShah နှင့် ဒေသတွင်းဆိုင်ရာဥက္ကဋ္ဌ Mr. B. D Agarwal အပါအဝင် EEPC မှ တာဝန်ရှိသူများ အိန္ဒိယရင်းနှီးမြှုပ်နှံသူများနှင့် ကုန်သည်လုပ်ငန်း ရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ နှင့် အလားအလာများ၊ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး အလားအလာများ၊ ကျပ်နှင့်ရူပီး များကို နှစ်နိုင်ငံကုန်သွယ်မှုတွင် သုံးစွဲနိုင်ရေး နှစ်ဖက်ပူးပေါင်း ဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေး ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသော ကုန်သည်လုပ်ငန်းရှင်များက သိရှိလိုသည်များ မေးမြန်းရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားဆွေးနွေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်  ကော်လ်ကတ္တားမြို့ရှိ  ပြည်ပမှတင်သွင်းသည့် ပဲမျိုးစုံအား တန်ဖိုးမြှင့်တင်ထုတ်လုပ်သည့်  စက်ရုံတစ်ခုဖြစ်သော ETG Processing Plant သို့ သွားရောက် လေ့လာခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)