နေပြည်တော် ၂၉ ဧပြီ 

 


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E. Mrs. Suphatra Srimaitreephithak နှင့် ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ တွေ့ဆုံသည်။

 


တွေ့ဆုံစဉ် မြန်မာ-ထိုင်း နယ်စပ်တစ်လျှောက် ဖြစ်ပေါ်နေသည့် မီးခိုးမြူငွေ့နှင့် ပတ်သက်၍ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ရေရှည်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်မည့် Fire Management Strategy and Action Plan တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးပြင်ဆင်မှု လုပ်ငန်းများ၊ ဒေသတွင်းနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည့် မီးခိုးမြူဖြစ်ပေါ်စေသော သစ်ဆွေးမြေ စီမံခန့်ခွဲမှုလုပ်ငန်းများ၊ တောင်ယာမီးရှို့သည့်စနစ်အစား Zero-burning အလေ့အထ ကျင့်သုံးရေး အသိပညာပေးမှုနှင့် စိုက်ခင်းမီးကာကွယ်သည့်လုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် အစီအမံများ၊ နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် မီးခိုးမြူတိုင်းတာသည့် Fixed Station ၃ ခုခန့် တည်ဆောက်နိုင်ရေး၊ Mobile Monitoring equipment များ တပ်ဆင်နိုင်ရေး ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ မီးခိုးမြူဖြစ်ပေါ်မှုဆိုင်ရာ လေ့လာခြင်းနှင့် ထိန်းချုပ်ကွပ်ကဲခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ သတင်းအချက်အလက်နှင့် အတွေ့အကြုံမျှဝေခြင်းတို့တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 


(သတင်းစဉ်)