နေပြည်တော် ၅ မတ်
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် The World Bank မှ Program Leader, Mr. Mark Austin နှင့်အဖွဲ့အား ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် World Bank - Environment and Natural Resoruce Programme အောက်မှ ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှု (Country Environmental Analysis - CEA) လုပ်ငန်းများနှင့် တွေ့ရှိချက် ရလဒ်များအပေါ် လေ့လာသုံးသပ်ပြီး တိုင်းဒေသကြီး၊ ပြည်နယ်များအပါအဝင် သတင်းအချက်အလက် ဖြန့်ဝေမည့်လုပ်ငန်းစဉ်များ၊ လက်ရှိဆောင်ရွက်လျက်ရှိသည့် သစ်တောပြန်လည်တည်ထောင်ရေး (၁၀)နှစ်စီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံနိုင်ရေး ဆောင်ရွက်မည့်အစီအစဉ်များ၊ ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောတည်ထောင်ရေးနှင့် ဒီရေတောထိန်းသိမ်းရေး၊ သဘာဝထိန်းသိမ်းရေးနယ်မြေများ ပိုမိုအားကောင်းလာစေရေးအတွက် ပါဝင်ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်းအစီရင်ခံစာ အကဲဖြတ်သုံးသပ်သည့်လုပ်ငန်းများ ပိုမိုထိရောက် မြန်ဆန်မှုရှိရေး ပူးပေါင်းဆောင်ရွက်နိုင်မှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


