နေပြည်တော်  ၇  မတ်


ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Re CAP အဖွဲ့တို့ ပူးပေါင်း၍ ကျေးလက်လမ်း သုတေသနလုပ်ငန်းများ၊ ကျေးလက်လမ်း သယ်ယူပို့ဆောင်ရေး သုတေသနလုပ်ငန်းများ၊ စွမ်းဆောင်ရည် မြှင့်တင်ရေး သင်တန်းများနှင့် အသိပညာ ဖြန့်ဝေခြင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ယာဉ်သွားလာမှု နည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲ စာအုပ်ထုတ်လုပ်နိုင်ရေး  (Development of a Design  Manual for Low Volume Rural Roads) အလုပ်ရုံ ဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ် မတ် ၆ ရက်နေ့၊ နံနက် ၈ နာရီ အချိန်တွင် နေပြည်တော်၊ Park Royal Hotel ၌ ကျင်းပပြုလုပ်သည်။

 

1


အဆိုပါ အခမ်းအနားသို့  ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ Asia Community Access Partnership မှ ပညာရှင်များနှင့် တာဝန်ရှိသူများ၊ လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးရေးမိတ်ဖက်တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က အဖွင့်အမှာစကား ပြောကြားရာတွင် ပြည်တွင်း/ပြည်ပ ကျွမ်းကျင်သူများ၊ တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များ၊ ပြည်သူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျေးလက်လမ်း ဖွံ့ဖြိုးခြင်းနှင့် ဆင်းရဲမှုလျော့ချခြင်း ဆောင်ရွက်မှုတွင် ကြိုးပမ်းအားထုတ်မှုများ တဟုန်ထိုး တိုးမြှင့်စေရန် ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့်  ကျေးလက်လမ်း ဖွံ့ဖြိုးရေးအတွက် အဓိကနေရာမှ ဆောင်ရွက်လျက်ရှိကြောင်း။


ဆောက်လုပ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန (DRRD) သည် ကျေးလက်ဧရိယာများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးလက်လမ်းများနှင့် တံတားများကို ဆောက်လုပ်ဆောင်ရွက်နေပါကြောင်း။ နိုင်ငံတွင်းရှိရွာပေါင်း ၆၃,၈၈၉ ရွာနှင့် ကျေးလက် လမ်း စုစုပေါင်းအရှည် ၅၅,၅၀၇ မိုင်ရှိပြီး လက်ရှိစာရင်းသွင်းထားသော ရွာအားလုံးအနက်မှ ၂၂ ရာခိုင်နှုန်းမှာ အဆင့်မြင့်လမ်းများဖြင့် ဆက်သွယ်၍ ၂၈ ရာခိုင်နှုန်း မှာ တစ်နှစ်ပတ်လုံး သွားလာနိုင်သော လမ်းများနှင့် ဆက်သွယ်ကာ ၃၆ ရာခိုင်နှုန်းမှာ နွေရာသီ၌သာ သုံးနိုင်သော လမ်းများနှင့် ဆက်သွယ်ထားပါကြောင်း။ ၁၄ ရာခိုင်နှုန်းသာ ဆက်သွယ်ထားသော လမ်းများမရှိသေးပါကြောင်း။

 

ကျေးလက်နေ ပြည်သူများအတွက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးလုပ်ငန်းများ ဖြစ်ထွန်းမှုအပါအဝင် နိုင်ငံ့ရည်မှန်းချက် ရရှိရန် ဆောင်ရွက်ခြင်းနှင့် ကျေးလက်လမ်းများအတွက် နိုင်ငံ့အထူးဗျူဟာများကို တိုးတက်အောင် ဆောင်ရွက်နေပါကြောင်း။ ကျေးလက်လမ်းများ နှင့် တံတားများအတွက် နည်းပညာဆိုင်ရာသုတေသနလုပ်ငန်းများ ပိုမိုလိုအပ်၍ ကျေးလက် အခြေခံ အဆောက်အအုံများအတွက် ရာသီဥတုဒဏ်ခံနိုင်ရန် ဆောက်လုပ်မည့် ဒီဇိုင်းများရရှိရန် အထောက်အကူပြုမှာ ဖြစ်ပါကြောင်း။


၂၀၁၇ ခုနှစ် ဇန်နဝါရီလ (၅) ရက်နေ့တွင် ကျေးလက်လမ်းသုတေသန၊ ကျေးလက် ပို့ဆောင်ဆက်သွယ်ရေး ဝန်ဆောင်မှုသုတေသန၊ အဖွဲ့အစည်းထူထောင်ခြင်းနှင့် သင်တန်းပို့ချခြင်း၊ ဗဟုသုတများဖလှယ် ဆောင်ရွက်ခြင်းများ ပါဝင်သော သုတေသန အစီအစဉ်အတွက် ထောက်ပံ့ငွေ စတာလင်ပေါင် (၁ ဒသမ ၁၅) သန်းအတွက် နှစ်ဦးသဘောတူစာချုပ်၌ လက်မှတ်ရေးထိုးခဲ့ပါကြောင်း။

 

ကျေးလက်လမ်းများနှင့် တံတားများဒီဇိုင်း အခြေခံသတ်မှတ်စံနှုန်း၏ ပြန်လည်စိစစ်မှုအတွက် ပထမ (၅) နှစ်တာ အစီအစဉ်ကို ပြင်ဆင်ပြီးဖြစ်ကာ ဆက်လက်၍လည်း “မြန်မာနိုင်ငံရှိ ယာဉ်သွားလာမှု နည်းပါးသော ကျေးလက်လမ်းများအတွက် ဒီဇိုင်းလက်စွဲစာအုပ် (Development of a Design Manual for Low Volume Rural Roads in Myanmar)” ကို ပြင်ဆင်ပြီး ဤ အလုပ်ရုံဆွေးနွေးပွဲ၏ ရလဒ်သည် မကြာခင်၌ စံနှုန်းညွှန်းများ ထုတ်လုပ်ရန် အထောက်အပံ့ပြုမှာ ဖြစ်ပါကြောင်း။ ကျေးလက်လမ်းဖွံ့ဖြိုးရေးအတွက် ဗဟုသုတနှင့် အတွေ့အကြုံများကို ဖလှယ်ပေးစေ လိုပါကြောင်းဖြင့် ပြောကြားသည်။


၎င်းနောက် Development of a Design Manual for Law Volume Rural Roads in Myanmar မှ Team Leader Mr . Carl Berentsen က နှုတ်ခွန်းဆက်စကား ပြောကြားသည်။


ထို့နောက် အစီအစဉ်အရ စာတမ်းရှင်များက သက်ဆိုင်ရာခေါင်းစဉ်အလိုက် စာတမ်းများကို အသီးသီးဖတ်ကြားဆွေးနွေးပြီး တက်ရောက်လာသည့် ပညာရှင်များ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ်ငန်းရှင်များ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းတို့မှ တာဝန်ရှိသူများက သိလိုသည်များ မေးမြန်းအကြံပြု ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။


သတင်းစဉ်