မုံရွာ ၇ မတ်
ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်များမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား ယနေ့ညပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက ခရိုင်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် မိတ်ဆက်ပေးပြီး စစ်ကိုင်းတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ခေတ်အဆက်ဆက် နိုင်ငံရေးစနစ်များ အကြားတွင် အုပ်ချုပ်ရေးယန္တရား ခိုင်ခိုင်မာမာ ရှိစေရန် ကြိုးပမ်းဆောင်ရွက်ခဲ့သည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်နှင့်အညီ ယခုအချိန်တွင်လည်း ပြည်သူလူထုလိုလားသည့် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ပြုပြင်ပြောင်းလဲနိုင်မည်ကို ယုံကြည်ထားပါကြောင်း။
အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများပါဝင်သည့် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်တွင် ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါကြောင်း၊ အဆိုပါအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်ကောင်စီမှ အစိုးရအဖွဲ့အတွင်းရေးမှူးများ အားလုံးအပြင် ခရိုင်အုပ်ချုပ် ရေးမှူးများ တက်ရောက်ခဲ့ကြပါကြောင်း၊ အဆိုပါဆွေးနွေးပွဲသည် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများကို အခြေခံပြီး ဆွေးနွေးကြသည့် ပွဲလည်းဖြစ်ပါကြောင်း။
အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများသည် စိတ်ဝင်တစား တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြပြီး ပြုပြင်ပြောင်းလဲရေးအတွက် မည်သို့လုပ်ကိုင်ဆောင်ရွက်သင့်သည်ကို စေတနာဖြင့် ဝိုင်းဝန်းဆွေးနွေးခဲဲ့ကြခြင်းဖြစ်ပါကြောင်း၊ ပြုပြင်ပြောင်းလဲမှုအပေါ်တွင် ဝန်ထမ်းအားလုံး စိတ်ရောကိုယ်ပါ ကြိုးပမ်းဆောင်ရွက်နေကြခြင်းကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ခြေလှမ်းသစ်အပေါ်တွင် ယုံကြည်မှုများ မြင့်တက်လာစေခဲ့သည်ဟု ပြောကြားလိုပါကြောင်း။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှ ပေါ်ထွက်လာသည့် Vision မှာ "ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သောအုပ်ချုပ်ရေး၊ ယန္တရားတည်ဆောက်ရေး" ဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများ ရွေးချယ်အဆိုပြုလိုက်သည့် ဌာန၏ ရေရှည်မျှော်မှန်းချက်ဖြစ်ပါကြောင်း။ အလုပ်ရုံဆွေးနွေးပွဲမှ အဆိုပြုထွက်ပေါ်လာသည့် ဌာန၏ Mission များမှာ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏ မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖော်ဆောင်ရေးနှင့် ပြည်သူဗဟိုပြုဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ ဖြစ်ပါကြောင်း၊ အဆိုပါ ရည်မှန်းချက်တာဝန် Mission များသည် ထွေအုပ်ဝန်ထမ်းများက ရွေးချယ်စဉ်းစား သုံးသပ်ပြီး အဆိုပြုထားခြင်းဖြစ်သည့်အတွက် ယင်းတာဝန်များကို အလေးအနက်ထားပြီး ကြိုးပမ်းဖော်ဆောင်သွားကြရန် လိုပါကြောင်း။
ထို့ပြင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ တန်ဖိုး (Value) များမှာ မည်သို့ ဖြစ်သင့်သည်ကိုလည်း ဝန်ထမ်းများက အဆိုပြုခဲ့ကြပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ထားရှိသင့်သည့် တန်ဖိုး (၆)ရပ်မှာ ထိရောက်မှုနှင့် စွမ်းရည်ပြည့်ဝမှု၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူ တာဝန်ခံမှု၊ ပြည်သူလူထု ယုံကြည်အားထားမှု၊ တန်းတူညီမျှ အားလုံးပါဝင်မှု၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဖြစ်စေမှုတို့ပင်ဖြစ်ပါကြောင်း၊ ယင်းတို့သည် အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ပြည့်စုံရမည့် စံချိန်စံနှုန်းများပင် ဖြစ်ပါကြောင်း။
ထို့ပြင် အလုပ်ရုံဆွေးနွေးပွဲကပင် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (၃)ရပ် ထွက်ပေါ်လာခဲ့ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၃)ရပ်မှာ လုပ်ငန်းစဉ်(၁) မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး၊ လုပ်ငန်းစဉ်(၂) လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် လုပ်ငန်းစဉ်(၃) ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်းများ တည်ဆောက်ရေးတို့ ဖြစ်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်(၁)ဖြစ်သည့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွင် ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာနှင့် ပြဋ္ဌာန်းချက်များ ပြုပြင်ပြောင်းလဲရေး ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို မိမိတို့ဝန်ကြီးဌာနအောက်သို့ ရွှေ့ပြောင်းလိုက်သည့်အတွက် လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ရမည့်အပိုင်းများ ပါဝင်နေသကဲ့သို့ ဖြေလျှော့ရေးအပိုင်းများလည်း ပါဝင်နေပါကြောင်း၊ ပြင်ဆင်ရမည့်ကိစ္စများ၊ ဖြေလျှော့ရမည့်ကိစ္စများကို ဦးစားပေးထပ်မံခွဲခြားပြီး ဦးစားပေးအလိုက် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (၂)ဖြစ်သည့် လုပ်ထုံးလုပ်နည်းနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးတွင် လက်စွဲစာစောင်၊ ဖွဲ့စည်းမှုနှင့် အုပ်ချုပ်ရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ E-Government နှင့် ဒီဂျစ်တယ် ပလက်ဖောင်း၊ စွမ်းရည်မြှင့်တင်ရေး၊ လူထုဆက်ဆံရေးစသည့် လုပ်ငန်းကဏ္ဍအလိုက် ဦးစားပေးပိုင်းခြားသတ်မှတ်ပြီး စနစ်တကျ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ် (၃)ဖြစ်သည့် ဒေသဖွံ့ဖြိုးရေးနှင့် လုပ်နည်းစနစ်ကောင်းများ တည်ထောင်ရေးတွင်လည်း နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေဖြစ်မည့် လုပ်နည်းစနစ်ကောင်း Good Practices များ တည်ဆောက်နိုင်ရန်နှင့် ဒေသဖွံ့ဖြိုးရေး သိသိသာသာ ဖော်ဆောင်နိုင်ရန် လုပ်ငန်းစဉ်များလည်း ဦးစားပေးအလိုက် ချမှတ်သွားရမည်ဖြစ်ပါကြောင်း။
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဖော်ဆောင်ကြရမည်ဖြစ်ပြီး ယင်းလုပ်ငန်းစဉ်များနှင့် တဆက်တည်း ပြုပြင်ပြောင်းလဲရေးအတွက် ပြည်နယ်တစ်ခု- မြို့နယ်တစ်ခုစီမံချက် One State - One Twonship ကို ဆက်စပ်ဖော်ဆောင်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းစီမံချက်ကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးနှင့် နေပြည်တော်ကောင်စီတို့က ရွေးချယ်ရာတွင် မဖြစ်မနေထည့်သွင်း စဉ်းစားမည့်အချက် ၅ ချက်နှင့် လိုအပ်လျှင် ထည့်သွင်းစဉ်းစားရမည့် အချက်(၉)ချက်တို့လည်း ပေါ်ထွက်လာခဲ့ပါကြောင်း။
အဆိုပါအချက်များသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ရှေ့ဆက်မည့် ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းတစ်လျှောက် အရှိန်အဟုန်ဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်ရမည့် အရာများပင်ဖြစ်ပါကြောင်း။
နိဂုံးချုပ်အနေဖြင့် မိမိတို့ဝန်ထမ်းများအားလုံး ပြုပြင်ပြောင်းလဲမှုများကို စနစ်တကျဖော်ဆောင်ကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း၊ မိမိတို့၏ ကမ္ဘာလောကကြီးသည် အချိန်နှင့်အမျှ ပြောင်းလဲနေပါကြောင်း၊ နေ့စဉ်နေ့တိုင်း ပြောင်းလဲမှုများနှင့် ကြုံတွေ့နေရသည့် မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲရမည်ကို စိုးရိမ်ပူပန်နေစရာ အကြောင်းမရှိပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်း၊ မိမိတို့ဝန်ထမ်း အားလုံး၏သမိုင်းကို ယနေ့ မိမိတို့ကိုယ်တိုင် ရေးထိုးနိုင်ရန် ကြိုးပမ်းနေကြခြင်းဖြစ်ပါကြောင်း၊ မိမိတို့ဝန်ထမ်းများကိုယ်တိုင် ဖော်ထုတ်ထားသည့် ထွေအုပ်၏ Vision, Mission များနှင့် ဆောင်ရွက်သွားမည်ဆိုပါက မအောင်မြင်စရာအကြောင်း မရှိပါကြောင်း။
ထို့ကြောင့် ပြုပြင်ပြောင်းလဲရေးအစ ထွေအုပ်ကဆိုသည်ကို အမှန်တကယ် လက်တွေ့မြင်တွေ့လာစေရန် တတ်နိုင်သမျှ တက်ညီလက်ညီနှင့် ဝိုင်းဝန်းကြိုးပမ်း အားထုတ်ပေးကြရန် အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း ပြောကြားသည်။
ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးပြီး ဝန်ကြီးဌာန၏မူဝါဒနှင့် လုပ်ငန်းစဉ်များကို လေးစားလိုက်နာဆောင်ရွက်ရန် မှာကြားသည်။
(သတင်းစဉ်)


