နေပြည်တော်၊ မေ  ၁၈

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်သည်  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နေ့တွင် စစ်တွေမြို့၌ သဘာဝဘေးအန္တရာယ် မိုခါမုန်တိုင်းကြောင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်ဖြန့်ဖြူ ခြင်း ပျက်စီးခဲ့မှုများမှ  ဓာတ်အားအမြန်ပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်နေမှု၊ ပြင်ဆင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန် ကျွမ်းကျင် ဝန်ထမ်းများနှင့် ပစ္စည်းများရောက်ရှိနေမှုနှင့် ပြန်လည်ပြင်ဆင်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်မြို့မှ စစ်တွေဆိပ်ကမ်းသို့ ဆိုက်ကပ်လာသည့် မုတ္တမ စစ်ရေယာဉ်နှင့်အတူ ရောက်ရှိလာသော ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းများပြင်ဆင်ရန် ကျွမ်းကျင်ဝန်ထမ်း (၁၀၄)ဦး၊ မီးစက်များနှင့် စက်သုံးဆီများ ရောက်ရှိမှုတို့ကို သွားရောက် ကြည့်ရှုကာ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများကိုမှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့/အနောက်)နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရောက်ရှိလာသည့် ကျွမ်းကျင်ဝန်ထမ်း (၁၆၄)ဦးကို ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာရုံး၌ တွေ့ဆုံပြီး လုပ်ငန်းများ လျင်မြန်စွာဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးတို့နှင့် ပတ်သက်၍ မှာကြားကာ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးချုပ်များနှင့် တာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းအစည်း အဝေး ပြုလုပ်သည်။

 

ယင်းနောက် စစ်တွေမြို့ မေယုလမ်းမကြီးတစ်လျှောက် (စာတိုက်မှနာရီစင်အထိနှင့် လောကာနန္ဒာဘုရားမှ လေယာဉ်ကွင်းလမ်းဆုံအထိ) ဖြန့်ဖြူးရေးဓာတ်အားလိုင်း ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာစရိယတက္ကသိုလ်ကျောင်းတိုက်သို့ သွားရောက်ကာ  ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဝန်ထမ်းများ တည်းခိုနေထိုင်မည့်နေရာများကို ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးနှင့် ၆၆/၁၁ ကေဗွီ ဓာတ်အားခွဲရုံ အမှတ် (၁)ရှိ လေဘေးကြောင့် ပျက်စီးသွားသည့် ဝန်ထမ်းအိမ်ရာများ၊ ပစ္စည်းသိုလှောင်ရေး အဆောက်အဦများကို သွားရောက်ကြည့်ရှုစစ်ဆေး၍ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေး မှာကြားကာ ဝန်ထမ်းများနှင့် မိသားစုများကို အားပေးစကားပြောကြားပြီး ဆတ်ရိုးကျတံတားနှင့် စစ်တွေ View Point အထိ ပျက်စီးဆုံးရှုံးမှုများ ပြင်ဆင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စစ်တွေမြို့သို့ ဓာတ်အားပေးထားသည့် ၆၆ ကေဗွီ ဓာတ်အားလိုင်း အမှတ်(၁)ရှိ ပြိုကျပျက်စီးနေသည့် တာဝါတိုင်အမှတ်(၄၂၁) အားဖြုတ်သိမ်းခြင်း၊ ပြုပြင်ခြင်းများဆောင်ရွက်နေခြင်းကို ကြည့်ရှုစစ်ဆေးကာ မေယုလမ်းမကြီးအတိုင်း အစိုးရရိပ်သာမှ လောကာနန္ဒာဘုရားအထိနှင့် လေယာဉ်ကွင်းလမ်းဆုံမှ လေယာဉ်ကွင်း အထိ ဖြန့်ဖြူးရေးဓာတ်အားလိုင်းများ ပြုပြင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

 

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ရရှိရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ  လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်းအင်အား (၁၀၂၀) ဖြင့် စစ်တွေ၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း ဒေသများတွင် အခြေပြု၍ အသီးသီးဖြန့်ခွဲကာ ရခိုင်ပြည်နယ် မြောက်ပိုင်းအတွင်း ပြန်လည်ပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ လည်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ  လျှပ်စစ် ကျွမ်းကျင်ဝန်ထမ်း (၂၀၉ ) ဦး ထပ်မံစေလွှတ်လျက်ရှိပြီး မေလကုန်၊ ဇွန်လ ဆန်းပိုင်းတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသသို့ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိနိုင်ရေး စီမံဆောင်ရွက်လျက်ရှိသည်။ အလားတူ ပြင်ဆင်ခြင်း လုပ်ငန်းများကို အချိန်မီပြုပြင် ပြင်ဆင်နိုင်ရန်အတွက် ထပ်မံလိုအပ်လျက်ရှိသော ကရိန်းယာဉ် (၄)စီး၊ အုပ်ချုပ်မှုနှင့် လုပ်ငန်းသုံး ယာဉ်(၈)စီး၊ ၁၂ မီတာ ကွန်ကရိတိုင်(၇၀၀)၊ ၁၅ မီတာ ကွန်ကရိ တိုင် (၂၅၀) ၊ ၁၈ မီတာ ကွန်ကရိတိုင်(၅၀)နှင့် တာဝါ သံဘောင်နှင့် ဓာတ်အားခွဲရုံ၊ ဓာတ်အား လိုင်းသုံး ဆက်စပ်ပစ္စည်း(၆၀၇)တန်အား တပ်မတော် ရေယာဉ်၊ သင်္ဘောနှင့်မော်တော် ယာဉ် အသီးသီးဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး လိုအပ်လျက်ရှိသော ပစ္စည်းများကိုလည်း ဆက်လက်ပို့ဆောင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)