နေပြည်တော် ၂၉ ဧပြီ
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အမှုဆောင်ကော်မတီအဖွဲ့ဝင်နှင့် အာရှ -ပစိဖိတ်ဒေသဆိုင်ရာ အကြီးအကဲ Mr. Justin Wood အား ယနေ့မွန်းလွဲ (၃)နာရီခွဲတွင် နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကမ္ဘာ့စီးပွားရေးဖိုရမ်အကြား ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားနိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်သည် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံတကာအဖွဲ့ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ၊ ဒေသဆိုင်ရာနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အစီအစဉ်များ ပုံဖော်နိုင်ရန် ထင်ရှားသော နိုင်ငံရေး၊ စီးပွားရေးနှင့် အခြားလူမှုရေး ခေါင်းဆောင်များကို ချိတ်ဆက်ပေးလျက်ရှိသည့် အဖွဲ့အစည်းဖြစ်သည်။ ကမ္ဘာ့စီးပွားရေးဖိုရမ် စတင်တည်ထောင်သည့် ၁၉၇၁ ခုနှစ်မှ စတင်၍ ဆွစ်ဇာလန်နိုင်ငံ၊ ဒါဗိုစ့်မြို့တွင် နှစ်စဉ်အစည်းအဝေးပွဲများကို ကျင်းပလျက်ရှိသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး အာရှ-ပစိဖိတ်ဆိုင်ရာ ဒေသတွင်းနှင့် ပထဝီနိုင်ငံရေးဆိုင်ရာ Community Lead နှင့် မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ Mr. Piyamit Bing Chomprasob လည်း တက်ရောက်သည်။
(သတင်းစဉ်)


