နေပြည်တော် ၂၃  ဧပြီ

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားသူများအနက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေးဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူတွေ့မေးမြန်းအကဲဖြတ်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

0052

 

အခမ်းအနားသို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

0355

 

ရှေးဉီးစွာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက မြန်မာနိုင်ငံတွင် နိုင်ငံခြားသားများအား ကျွမ်းကျင်ပညာရှင်၊ ရင်းနှီးမြုပ်နှံသူ၊ မြန်မာနိုင်ငံသားဟောင်းနှင့် ယင်းတို့နှင့် သွေးချင်းဆက်စပ်သူများဟူ၍ အမျိုးအစား(၄)မျိုးခွဲခြား သတ်မှတ်ကာ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကျင့်သုံးခွင့်ပြု ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယင်းကဲ့သို့ လျှောက်ထားသူများအား ထုတ်ပြန်ပြဋ္ဌာန်းထားသည့် နည်းဥပဒေနှင့်အညီဖြစ်စေရေး အတွက် လုပ်ငန်း ကော်မတီ၊ ဗဟိုကော်မတီတို့မှ အဆင့်ဆင့်စိစစ်ရွေးချယ်ကာ လူတွေ့မေးမြန်း အကဲဖြတ်၍ အဆင့်ဆင့်အတည်ပြုပြီး အမြဲနေထိုင်ခွင့် ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ ယခုလည်း ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအား လူကိုယ်တိုင်တွေ့ဆုံမေးမြန်း အကဲဖြတ်ကာ အမြဲနေထိုင်ရန် ခွင့်ပြုသင့်၊ မပြုသင့်ကို ကော်မတီဝင်များအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေး ကြရန်ဖြစ် ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ဗဟိုကော်မတီအတွင်းရေးမှူးနှင့် လုပ်ငန်းတာဝန်ခံတို့က နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားမှုနှင့် ဗဟိုကော်မတီမှ စိစစ်ပြီးသူများအား  လူတွေ့မေးမြန်း အကဲဖြတ် ဆောင်ရွက်မည့်အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးနှင့် ကော်မတီဝင်များက လူတွေ့အကဲဖြတ်ခံရမည့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထားသူများအား တစ်ဦးချင်းတွေ့ဆုံ၍ ၎င်းတို့၏ ကိုယ်ရေးအချက် အလက်များ၊ ပြဋ္ဌာန်းထားသည့်နည်းဥပဒေများအပေါ် သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အခြေအနေများကို မေးမြန်းဆွေးနွေးကာ အကဲဖြတ်အတည်ပြု ဆုံးဖြတ်ကြသည်။

 

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာလုပ်ငန်း စတင်ဆောင်ရွက်သည့် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီ (၂၉)ရက်မှ ယခုအထိ နိုင်ငံခြားသား စုစုပေါင်း(၅၉၈)ဦး အမြဲနေထိုင်ခွင့် လျှောက်ထားသည့်အနက် (၄၈၀)ဦးအား ခွင့်ပြုပေးခဲ့ပြီး  နိုင်ငံခြားသားအမြဲနေ ထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးဆောင်ရွက်လျက်ရှိသည်။ ယခုအခါ ဗဟိုကော်မတီမှ စိစစ်အတည်ပြုပြီးသူများအနက်(၂၇)ဦးအား လူတွေ့မေးမြန်းအကဲဖြတ် အတည်ပြုဆောင်ရွက် မည်ဖြစ်ပြီး အတည်ပြုပြီးပါက အထက်အဆင့်ဆင့်သို့တင်ပြ၍ နေထိုင်ခွင့်လက်မှတ်နှင့် ကတ်ပြားများထုတ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)