နေပြည်တော် အောက်တိုဘာ ၁၆

 

ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့၌ ကျင်းပသည့် ဘက်မလိုက်လှုပ်ရှားမှုအဖွဲ့၏ ဝန်ကြီးအဆင့် အစည်းအဝေး (Non-aligned Movement- NAM) တက်ရောက်လျက်ရှိသည့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေသည် နှစ်နိုင်ငံချစ်ကြည်ရေး တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီးသည် အောက်တိုဘာ ၁၅ ရက်တွင် မိုဇမ်ဘစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maria Manuela Lucas၊ အီရန်နိုင်ငံခြားရေးဝန်ကြီး H.E. Abbas Araghchi ၊ ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး H.E. Maxim RYZHENKOV (ယာပုံ)၊ ကျူးဘား နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Bruno Rodri-guez Parrilla၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် H.E.Md. Touhid Hossainနှင့် အီတလီနိုင်ငံဆိုင်ရာ နီကာရာဂွါသံအမတ်ကြီး H.E. Mrs. Monica Robelo Raffone တို့နှင့် လည်းကောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် ယူဂန်ဒါသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Gen. Odongo Jeje Abubakhar နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံဆွေးနွေးသည်။

 

အဆိုပါ တွေ့ဆုံဆွေးနွေးမှုများတွင် ရှိရင်းစွဲ သံတမန်ဆက်ဆံရေး ပိုမိုခိုင်မာအားကောင်းစေရေး၊ နှစ်နိုင်ငံအဆင့် နိုင်ငံရေးရာ ဆွေးနွေးမှုများ ပြုလုပ်သွားရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍ အပါအဝင် ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတို့ကို အလေးထားဆွေးနွေးခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများတွင် ပိုမိုထိတွေ့ ညှိနှိုင်းဆောင်ရွက်ရေးစသည့် ကိစ္စရပ်များအပေါ် အမြင်ချင်း ဖလှယ်ခဲ့ကြသည်။ ထို့ပြင် မြန်မာ-ယူဂန်ဒါနှင့် မြန်မာ-မိုဇမ်ဘစ်တို့အကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ရေး အလားအလာနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြသည်။

 

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ်နှင့် တွေ့ဆုံစဉ် ၂၀၁၆-၂၀၁၇ ဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံဘက်က ရခိုင်ပြည်နယ်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြန်မာဘက်က ဆောင်ရွက်နေမှုများကို အလေးပေးပြောကြားခဲ့သည်။

 

လက်ရှိတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အာဖရိကရှိနိုင်ငံ ၂၁ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၂၆ နိုင်ငံတို့နှင့် သံတမန်ဆက်ဆံရေး ထူထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်