ညောင်ရွှေ ၃၀ ဧပြီ
၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း၌ ၁၉၆၇ ခုနှစ် လူရည်ချွန်ဟောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီးတို့ ပါဝင်သော လူရည်ချွန်ကြီးများနှင့် လူရည်ချွန်မောင်မယ်များ တွေ့ဆုံပွဲနှင့် ပညာရေးဆိုင်ရာ ဟောပြောပွဲများကို ယနေ့နံနက်ပိုင်းတွင် ကျင်းပသည်။
ပညာရေးဆိုင်ရာဟောပြောပွဲတွင် ညောင်ရွှေမြို့နယ် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်း လဲမှုဆိုင်ရာအကြောင်း သိကောင်းစရာများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ လှေကားထစ်စိုက်ပျိုးနည်း၊ မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် သစ်ပင်စိုက်ပျိုးနည်းတို့ကို ဟောပြောဆွေးနွေးကြပြီး လူရည်ချွန်ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ထို့နောက် လူရည်ချွန်လူငယ် မောင်မယ်များသည် အထွေထွေဗဟုသုတဆိုင်ရာ ဉာဏ်စမ်းပဟေဠိများကို မေးမြန်းဖြေကြားကြသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့်ဇနီး ၁၉၆၇၊ ၁၉၆၈၊ ၁၉၇၀ သုံးထပ်ကွမ်း လူရည်ချွန်ဟောင်း ဒေါက်တာ ဒေါ်ခင်သန်းအေးတို့ပါဝင်သော ၁၉၆၄- ၈၈ လူရည်ချွန်ကြီးများက လူရည်ချွန် လူငယ်မောင်မယ်များအား တွေ့ဆုံ၍ မိတ်ဆက်အားပေးစကား ပြောကြားကြကာ အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်သည်။
ထို့နောက် လူရည်ချွန်ကြီးများက လူရည်ချွန်တေးသီချင်းများ သင်ကြားပေးပြီး ဉာဏ်စမ်းပဟေဠိများမေးမြန်း ဖြေကြားကြကာ ဆုရရှိသူလူရည်ချွန်များအား ဆုများပေးအပ်ကြသည်။
ညနေပိုင်းတွင် မေ ၁ ရက် နံနက်ပိုင်းတွင်ကျင်းပမည့် အင်းလေးခေါင်တိုင်လူရည်ချွန် အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားအတွက် အစမ်းလေ့ကျင့်ကြသည်။ မေ ၂ ရက်တွင် လူရည်ချွန်များသည် အင်းလေးကန်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ၊ တိုင်းရင်းသားရိုးရာ လက်မှုလုပ်ငန်းများလေ့လာခြင်း၊ ရှေးဟောင်းသမိုင်းဝင် ဖောင်တော်ဦးဘုရား၊ အလိုတော်ပေါက်ဘုရား၊ ရွှေဗောဓိမြို့ဦးစေတီ ဖူးမြော်လေ့လာခြင်း၊ ညောင်ရွှေဟော်နှင့် ညောင်ရွှေ စံပြစိုက်ခင်းများ လေ့လာခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်ဦး(မြန်မာ့အလင်း)၊
ဓာတ်ပုံ - သီဟစည်သူ


