ညောင်ဦး ၂၈ ဧပြီ
ရာသီဥတုအပူအချိန် ပိုမိုမြင့်တက်လာမှုနှင့်အတူ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရှိရသဖြင့် ဧပြီ ၂၇ ရက် နံနက် ၈ နာရီက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းနှင့် သုမင်္ဂလာ ပရဟိတရေလှူအသင်းမှ ပရဟိတအသင်းများ စုပေါင်း၍ သောက်သုံးရေ အခက်ကြုံနေသည့် ညောင်ဦးမြို့နယ် တောရွာကျေးရွာ၊ ပနီတွင်းကျေးရွာ၊ ငါ့ပိုင်ကျေးရွာ၊ စုတည်ကျေးရွာများ၊ ကန်စောက်ကျေးရွာနှင့် ကံကျဲတဲတိုက်တို့ရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသောက်သုံးနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းပေးရာတွင် ညောင်ဦးမြို့နယ် စုတည်ကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၃၀ဝ၊ တောရွာကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၃၀ဝ၊ ငါ့ပိုင်ကျေးရွာ ဒေသခံ ပြည်သူများအတွက် ရေဂါလန် ၁၃၀ဝ၊ ပနီတွင်းကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၃၀ဝ၊ ကန်စောက်ကျေးရွာ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၃၀ဝ၊ ကံကျဲတဲတိုက်မှ ဒေသခံပြည်သူများအတွက် ရေဂါလန် ၁၃၀ဝ စုစုပေါင်း ရေဂါလန် ၇၈၀ဝ ဂါလန်အား ဒေသခံပြည်သူများ သောက်သုံးရေဖူလုံစေရေး ရေသယ်ယာဉ်များဖြင့် အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ယခုနှစ် နွေရာသီကာလတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ ရာသီဥတုအပူချိန် ပိုမိုပူပြင်းလာမှုကြောင့် မြို့နယ်အတွင်း ကျေးရွာများရှိ မြေသားမိုးရေလှောင်ကန်များတွင် မိုးရေဆောလျင်စွာ ရေခန်းခြောက်မှုများ ဖြစ်ပေါ်ကာ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ကျေးလက်နေပြည်သူများအနေဖြင့် နွေရာသီကာလ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် ယခုကဲ့သို့ ကျေးရွာအရောက် သောက်သုံးရေ လာရောက်လှူဒါန်းပေးသည့် ပရဟိတရေလှူအသင်းများကိုသာ မှီခိုအားထားပြုနေရကြောင်း ညောင်ဦးမြို့နယ် ပနီတွင်းကျေးရွာမှ ဒေသခံပြည်သူများက ပြောပြသည်။
ရဲဝင်းနိုင် (ညောင်ဦး)


