ပုဗ္ဗသီရိ ၆ မေ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်၊ ပိုစတာကပ်ပေးခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပသည်။
ဟောပြောပွဲကို ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန စစ်ဆေးရေးမှူး-၂ ဦးအောင်ကျော်ဆန်းမှ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရေး လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များနှင့် ပြစ်မှု ပြစ်ဒဏ်များအကြောင်းတို့ကို ပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင် များဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ပပလင်းမှ ဦးဆောင်ကာ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို နေပြည်တော်၊ မြို့မဈေး၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်၊ ပိုစတာကပ်ပေးခြင်းများကို မေ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ယာဉ်မတော်တဆမှုများ လျော့နည်းပပျောက်စေရန် ရည်ရွယ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


