ပုလဲ ၂၇ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်အတွင်း ပုလဲ-မုံရွာကားလမ်းဘေးရှိ အလယ်ဘုံကျေးရွာ၊ လက်တောင်းကြီးကျေးရွာနှင့် မကျီးကန်ကျေးရွာများ၌ သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်များ စနစ်တကျ စွန့်ပစ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကို ဧပြီ ၂၆ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်မှုဖြင့် ကုက္ကိုစုကျေးရွာ၊ လက်တောင်းကြီးကျေးရွာ၊ အလယ်ဘုံကျေးရွာ၊ ကျောက်ဖျာကန်ကျေးရွာ၊ ကန့်ဒေါင့်ကျေးရွာနှင့် ဆင်ရှင်ကျေးရွာများကို စံပြအဖြစ် သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်ခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်နိုင်အောင် ဆောင်ရွက်ပေးခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာများ အသုံးပြုစေခြင်း၊ အမှိုက်ပုံးများ စနစ်တကျထားရှိနိုင်အောင် ဆောင်ရွက်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ ရပ်ကွက်နှင့်ကျေးရွာရှိ ပြည်သူများအနေဖြင့် အမှိုက်များ စနစ်တကျ စွန့်ပစ်သည့် အလေ့ကျင့်ကောင်းများ ရရှိစေရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။
ယင်းမာပင်ခရိုင်တွင် မြို့နယ်(၄)မြို့နယ်၊ ရပ်ကွက်(၁၂)ခု၊ ကျေးရွာအုပ်စု (၁၈၅)အုပ်စု၊ ကျေးရွာ(၆၉၅)ရွာရှိသည့်အနက်မှ သန့်ရှင်းသပ်ရပ်မှု ကောင်းမွန်ခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ခြင်း၊ သန့်ရှင်းသော ယင်လုံအိမ်သာ အသုံးပြုခြင်း၊ အမှိုက်ပုံးများ စနစ်တကျ ထားရှိခြင်းများအပေါ် စိစစ်၍ ခရိုင်စီမံခန့်ခွဲမှုကော်မတီမှ ရပ်ကွက်၊ ကျေးရွာအတွင်း သန့်ရှင်းသပ်ရပ်မှု စံပြဆု၊ ပြည်သူ့ကျန်းမာရေးဆိုင်ရာ လိုက်နာမှုအကောင်းဆုံး စံပြဆုနှင့် ပြည်သူများ၏ စည်းလုံးညီညွတ်မှု စံပြဆုများကို ချီးမြှင့်ပေးမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံးမှ သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)


