ပုလော ၂၄ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ရှပ်ပုံကျေးရွာရှိ ဖိုးရှမ်းကမ်းခြေသို့ နှစ်သစ်ကူး မဟာသင်္ကြန်ကာလ ပြီးနောက်တွင် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူ၊ အပန်းဖြေလာရောက် ရေကစားသူများ ဖြင့် တစ်နေ့ထက်တစ်နေ့ ပိုမိုစည်းကားလျက်ရှိကြောင်း သိရသည်။
ဖိုးရှမ်းကမ်းခြေသည် မြိတ်-ပုလော ပြည်ထောင်စုလမ်းမကြီးနံဘေး ပုလောမြို့နယ် ရှပ်ပုံကျေးရွာမှတစ်ဆင့် ဖိုးရှမ်းကမ်းခြေသို့ ခရီးမိုင်(၁၃)မိုင်ခန့် အကွာအဝေးတွင် တည်ရှိပြီး ကွန်ကရစ်လမ်းများခင်းထားသောကြောင့် မော်တော်ကားများ၊ မော်တော်ဆိုင်ကယ်များဖြင့် အလွယ်တကူ ရာသီအချိန်မရွေး သွားလာနိုင်ကြောင်း သိရသည်။
ဖိုးရှမ်းဘုရားနှင့်ကမ်းခြေသည်လွန်ခဲ့သော ၁၀ နှစ်ကျော်ခန့်က သွားရေးလာရေးခက်ခဲသည့်အတွက် လူသိနည်းပါးကာ သွားရောက်လည်ပတ်သူ မရှိသလောက် နည်းပါးခဲ့ပြီး အနီးပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံအချို့လောက်သာ မိုးရာသီအကုန် ပွင့်လင်းရာသီအချိန်များတွင် ရေလယ်တွင် တည်ရှိသည့် ဖိုးရှမ်းဘုရားနှင့် ကမ်းခြေသို့သွားလာမှုရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယခုအခါ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် တစ်စထက်တစ်စ သွားရောက်လည်ပတ်သူများပြားလာကာ လူသိများ ကျော်ကြားလာသဖြင့် ရုံပိတ်ရက် အားလပ်ရက်များ၊ ရာသီအလိုက်ပွဲတော်အချိန်များ၊ မဟာသင်္ကြန်ကာလများနှင့် ပါဒစက်တော်ရာ ဘုရားပွဲကာလများတွင် ရေလယ်ကျွန်းပေါ်ရှိ ရှေးဟောင်းဘုရားကို ဖူးမြော်သူများနှင့် ဖိုးရှမ်းကမ်းခြေတွင် ပင်လယ်ရေလှိုင်းစီးသူများ၊ ရေကစားသူများ၊ ရေချိုးသူများဖြင့် ပိုမိုစည်းကား လူသိများလာ၍ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်များဖြင့် စည်ကားလျက်ရှိသည်။
ကမ်းခြေမှ ရေလယ်ဘုရားတည်ရှိရာကျွန်းသို့ ဝါး၊ သစ်သားတို့ဖြင့် ဒေသခံများ ဆောက်လုပ်ထားသည့် တံတားပေါ်မှ ပင်လယ်ရေတက်ချိန်များတွင် ဖြတ်သန်းသွားလာရပြီး ရေကျချိန်များတွင် သဲသောင်ပြင်မှ လမ်းလျှောက်ကာ ရေလယ်ကျွန်းပေါ်ရှိ သမုတ်တောင်ထိပ်တွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းဖိုးရှမ်းဘုရားအား ဖူးမြော်ကြည်ညိုနိုင်ပြီး ဖိုးရှမ်းဘုရားတည်ရှိရာ ရေလယ်သမုတ်တောင်ထိပ်မှ ပင်လယ်ပြင်တစ်လျှောက်၊ ပင်လယ်ကမ်းစပ်တစ်လျှောက်နှင့် သဘာဝတောတန်းများ၊ ရှုခင်းများကို စိတ်အပန်းဖြေဖွယ် ကြည့်ရှုနိုင်ကြောင်း သိရသည်။
ပင်လယ်ကမ်းခြေတစ်လျှောက် သဲသောင်ပြင်တွင် စားသောက်ဖွယ်ဈေးဆိုင်များတွင် ဒေသအစားအစား၊ ပင်လယ်စာ၊ ပုလောဒေသထွက် နာမည်ကြီးရှပ်သီးများ၊ ကမ်းခြေရောက် အမှတ်တရ အဝတ်အထည် လက်ဆောင်ပစ္စည်းများကိုလည်း ရောင်းချလျက်ရှိပြီး ဒေသခံကျေးရွာများမှ ထွက်ရှိသော ဟင်းသီးဟင်းရွက် အသီးအနှံများကို လတ်လတ်ဆတ်ဆတ် ဝယ်ယူနိုင်ပြီး သဘာဝအုန်းစိမ်းအုန်းရည်များကို အပန်းဖြေအနားယူရင်း ဝယ်ယူသောက်သုံးနိုင်သည့်အတွက် ဖိုးရှမ်းပင်လယ် ကမ်းခြေသို့ အနယ်နယ်အရပ်ရပ်မှ ခရီးသွားဧည့်သည်များ နှစ်သက်သဘောကျလျက်ရှိကြောင်း သိရသည်။
ပုလောမြို့နယ် ရှပ်ပုံကျေးရွာတွင်တည်ရှိသော ဖိုးရှမ်းပင်လယ်ကမ်းခြေသည် ယခင်နှစ်ကထက် ယခုနှစ်တွင် ပိုမိုထင်ရှားလာကာ ရပ်နီးရပ်ဝေးမှ ခရီးသွားဧည့်သည်များ၊ ဘုရားဖူးလာသူများ၊ ရေကစားသူများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။
မြင့်ဦး(မြိတ်)


