ပုသိမ် နိုဝင်ဘာ ၅

 

ရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ် ပူဇော်ပွဲအား ယမန်နေ့ညနေပိုင်းက ပုသိမ်မြို့ ကမ်းနားလမ်းရှိ ရေဆင်း တန်ဆောင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပုသိမ် လေတပ်စခန်း ဌာနချုပ်မှူး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

 

ဦးစွာ အခမ်းအနားကို “နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ ပုသိမ်မြို့ နိဂြောဓာရုံ ညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၏ ပဓာန နာယဆရာတော် (အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ)ဘဒ္ဒန္တဝိဿုတ  မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်၍ ဆရာတော်၊ သံဃာတော်၊  အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့် နဝကမ္မ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး သံဃနာယကအဖွဲ့  ဩဝါဒါ စရိယ ပုသိမ်မြို့ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော် (အဂ္ဂမဟာဂန္ထဝါစက ပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ် မြတ်ထံမှ လှူဒါန်းမှုအစုစုတို့ အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကာ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍  အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်  တာဝန်ရှိသူများက နဂါးစာကျွေးခြင်းနှင့် ရှင်ဥပဂုတ္တရဟန္တာ မထေရ်မြတ်ကြီးအား ဖောင်တော်သို့ ပင့်ဆောင်ပူဇော်ခဲ့ပြီး ရှင်ဥပဂုတ္တ ရဟန္တာမထေရ်မြတ် ဖောင်တော်အား ရေမျှောကုသိုလ်ပြုခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော တန်ဆောင်တိုင် ဆီမီးမျှောပူဇော်ပွဲနှင့် ဌာနဆိုင်ရာများ၊  အသင်း အဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ် ရပ်ကွက်များမှ ပြည်သူများစုပေါင်း လှူဒါန်းသည့် နိဗ္ဗာန်စျေးပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဆက်လက် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့်အတူ  ဖဲကြိုးဖြတ်  ဖွင့်လှစ်ပေးပြီး ဖျော်ဖြေရေး အဖွဲ့များအား ချီးမြှင့် ငွေများပေးအပ်သည်။

 

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ မြို့ပေါ်ရပ်ကွက်များမှ ပြည်သူများ၏ နိဗ္ဗာန်ဈေး ဖွင့်လှစ်၍ စတုဒိသာကျွေးမွေးနေမှု များကို လှည့်လည်ကြည့်ရှုအားပေးပြီး  ပြည်သူများနှင့်အတူ နိဗ္ဗာန်ဈေးပွဲတော်အား ပါဝင်ဆင်နွှဲခဲ့ကြပြီး ဆီမီး ၁၅၀၀၀ ဖြင့် ငဝန်မြစ်အတွင်း ဆီမီးမျှောပူဇော်ခြင်း၊ မီးပုံးများ လွှတ်တင်ပူဇော်ခြင်းများနှင့် မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းများနှင့် အလှမီးများ တပ်ဆင်ထားရှိမှုများကို ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)