ပူတာအို ၃ မေ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ပူတာအိုမြို့၌ ယမန်နေ့ နံနက် ၉ ခွဲ အချိန်က ပူတာအိုခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူးရုံးတွင် အခြေခံငါးမွေးမြူရေးနှင့်ငါးဆေးထိုးသားဖောက်သင်တန်း (၁/၂၀၁၉)ဖွင့် လှစ်သင်ကြားခဲ့သည်။

အခမ်းအနားတွင် ပူတာအိုခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်က သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြသိန်းမှ သင်တန်းဖွင့်လှစ်ပေးသည့် ရည်ရွယ်ချက်နှင့် ရရှိလာမည့်အကျိုးကျေးဇူးများအား အကျယ်တဝင့်ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းတွင် ငါးမျိုးစိတ်များအကြောင်း၊ မျိုးငါးပြုစုခြင်းနှင့် မျိုးငါးရွေးချယ်ခြင်း၊ ငါးဆေးထိုးသား ဖောက်ခြင်းနှင့်ငါးဥပြောင်းခြင်း၊ ငါးဥပြောင်းခြင်းနှင့်ငါးဥဖောက်ခြင်း၊ ဆေးထိုးသားဖောက်ခြင်း၊ ငါးမှုန်/ ငါးသန်ပြုစုခြင်း၊ ကန်အရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ ငါးကန်တူးဖော်ခြင်း၊ အသားတိုးမွေးမြူခြင်း၊ သယံဇာတထိန်းသိမ်းခြင်း၊ လက်တွေ့ငါးမှုန်ပြောင်းခြင်း ဘာသာရပ်များအား စာတွေ့လက်တွေ့ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်သည်။

သင်တန်းသို့ ပူတာအိုခရိုင်အတွင်းမှ သင်တန်းသား သင်တန်းသူ(၂၁)ဦးတက်ရောက်ကာ သင်တန်းကာလမှာ (၃)ရက်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

MDN