ပဲခူး နိုဝင်ဘာ ၁၆

 

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းအတွင်း၌ ရာသီဥတုအခြေအနေကြောင့် ရက်ပြောင်းရွှေ့ ကျင်းပခဲ့ရသည့် တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲနှင့် တေးဂီတဖျော်ဖြေပွဲကို (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ညပိုင်းကကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ တက်ရောက်အားပေးကြသည်။

 

ကြည့်ရှုအားပေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အထိမ်းအမှတ်အရုပ်များ၊ သင်္ကေတများ၊ စာတန်းများပါရှိသည့် စိန်နားပန် မီးပုံးကြီးများနှင့် ရောင်စုံမီးပုံးပျံအသေးများ လွှတ်တင်ပူဇော်နေမှု၊ မီးရှူးမီးပန်းများ ပစ်ဖောက်နေမှုတို့ကို ကြည့်ရှုအားပေးကြသည်။

 

ထို့နောက် တန်ဆောင်တိုင်ပွဲတော် တေးဂီတဖျော်ဖြေမှုကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးတို့သည် နိုင်ငံကျော် အဆိုတော်/သရုပ်ဆောင်များနှင့်တေးသံရှင်များ၏ သီဆိုဖျော်ဖြေ တင်ဆက်မှုကို ပြည်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ပြီး တန်ဆောင်တိုင်ပွဲတော် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)