နေပြည်တော် ဇူလိုင် ၁၀
မြန်မာ့အသံနှင့်ရုပ်မြင်သံကြားအနေဖြင့် ပြည်သူများ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် ရည်ရွယ်ပြီး Friday Night Live Show တေးဂီတဖျော်ဖြေပွဲများကို ဆန်းသစ်တင်ဆက် လျက်ရှိရာ “ရောင်တော်ဖွင့်” ဓမ္မပူဇာတေးဂီတ ဖျော်ဖြေပွဲကို ဇူလိုင် ၁၁ ရက်(သောကြာနေ့) ည ၉ နာရီခန့်၌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live)ထုတ်လွှင့် ပြသမည်ဖြစ်သည်။
အဆိုပါတေးဂီတဖျော်ဖြေပွဲကို မြန်မာ့အသံဆိုင်းဝိုင်းကြီးနှင့် မြန်မာ့အသံတေးဂီတအဖွဲ့၏ တွဲဖက်တီးခတ်မှုနှင့်အတူ နာမည်ရ တေးသံရှင် များဖြစ်ကြသည့် ဝိုင်းလမင်းအောင်၊ စိုးထက်အောင်၊ ဇော်ထွေးလတ်၊ မိုးသောက်ကြယ်၊ ဖြိုးဗိုလ်ဗိုလ်၊ မို့မို့ကျော်လွင်၊ မေ့ချစ်သက်၊ ထက်ထက် စိုးစံ၊ ရွှေရုပ်လေးနှင့် စုလဲ့ဝင်းတို့က ဗုဒ္ဓဘာသာဝင် ရဟန်း၊သံဃာများ ဝါတွင်းကာလ သီတင်းသုံး အားထုတ်ကြပုံ၊ မိဘပြည်သူများ၏ ကောင်းမှု ကုသိုလ်ပြုမှုများ လွှမ်းခြုံနေပုံ စသည့်ဝါတွင်းကာလ မြင်ကွင်းများကို ချီးကျူးပူဇော်ကန်တော့သည့် ဓမ္မပူဇာတေးသံသာများဖြင့် သီဆိုဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
“ရောင်တော်ဖွင့်”ဓမ္မပူဇာတေးဂီတဖျော်ဖြေပွဲကို MRTV-HD Cha-nnel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV App ၏ Entertainment Sector နှင့် MRTV Telegram တို့မှလည်း တစ်ပြိုင်တည်း Streaming လွှင့်တင် မည်ဖြစ်၍ တစ်ချိန်တည်းဝင်ရောက်ကြည့်ရှုနိုင်မည့်အပြင် ဇူလိုင် ၁၃ ရက်(တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် MRTV HD Channel မှ Replay ထပ်မံပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


