ရွှေဘို ၂၆ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက် အိန္ဒာရပ်ရှိ ဝိသုရာမစာသင်ကျောင်းတိုက်တွင် ယနေ့ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က ဘုန်းကြီးကျောင်းအဆောက်အဦး မိန်းခလုတ်ခုံ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင် မီးသတ်ဦးစီးမှူး ဦးအေးမြင့်ထံမှ သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ရွှေဘိုခရိုင် မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြု ယာဉ်(၁)စီး စုစုပေါင်း ခြောက်စီး၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၁၃ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၂ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၃၆×၂၀×၁၂)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း အဆောက်အဦး (၁)လုံးနှင့် (၂၇×၂၀×၁၃)ပေ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းအဆောက်အဦး(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ ရွှေဘိုမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းမှ အရေးယူ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ထွန်းမြင့်အောင်(ရွှေဘို)


