ရွှေဘို ၄ မေ

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်အတွင်း ဧပြီ ၂၇ ရက်မှ စတင်ကာ အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် ဖီဒါတစ်ခုကို ၄ နာရီ ဝန်အားလျှော့နေရာမှ လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကြောင့် တစ်ရက်လျှင် ဖီဒါတစ်ခုကို ၁၀ နာရီထိ တိုးမြှင့်၍ အလှည့်ကျ ဝန်အားလျှော့၍ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနေရကြောင်း ရွှေဘိုမြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဘုန်းမြင့်ဦးက ပြောသည်။

နိုင်ငံတော်ဓာတ်အားစနစ်မှ ထုတ်လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အားပမာဏသည်  သုံးစွဲဝန်အားနှင့်မမျှတသည့် အတွက် အလှည့်ကျဝန်အားလျှော့၍ ဆောင်ရွက်နေရကြောင်း သိရသည်။ ရွှေဘိုမြို့တွင် ဓာတ်အားခွဲရုံ ၃ ရုံရှိပြီး   ၎င်းတို့မှာ  စက်မှုဇုန်ခွဲရုံ သူဇာခွဲရုံနှင့် ညောင်ပင်သာခွဲရုံ တို့ဖြစ်ကာ စက်မှုဇုန်ခွဲရုံမှ စက်မှုဇုန်ဖီဒါ (၁) နှင့် (၂) ဖီဒါနှစ်ခု သူဇာခွဲရုံမှ မြို့မ ဦးတိုက် စစ်တပ်(အရှေ့) စစ်တပ်(အနောက်) ကြက်ဇုန်ဆက်သွယ်ရေး ဖီဒါခြောက်ခု ညောင်ပင်သာခွဲရုံမှ ညောင်ပင်သာဆိပ်ခွန်  မြို့တွင်း ဖီဒါသုံးခု စုစုပေါင်းဖီဒါ ၁၁ ခုရှိကြောင်း သိရသည်။

 

mdn

 

ဖီဒါတစ်ခုကို အလှည့်ကျစနစ်ဖြင့် တစ်နေ့လျှင်၂ နာရီကြား နှစ်ကြိမ် အလှည့်ကျဝန်အားလျှော့ စနစ်ဖြင့် ရွှေဘိုမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန်းဖြူးပေးနေရာမှ  ရွှေဘိုမြို့နယ်အတွက် ရရှိသည့် လျှပ်စစ်ဓာတ်အား ပမာဏ လျော့နည်းလာ၍ သုံးစွဲဝန်အားနှင့်မမျှတသည့်အတွက်  မေ ၃ ရက်မှစတင်၍ တစ်ရက်လျှင် ဖီဒါတစ်ခုကို ၄ နာရီ နှစ်ကြိမ် ၂ နာရီ တစ်ကြိမ်  စုစုပေါင်း ၁၀ နာရီ အလှည့်ကျ ဝန်အားလျှော့၍ ဓာတ်အားဖြန့်ဖြူးပေးနေကြောင်း သိရသည်။

မိုးသောက်(ရွှေဘို)