ရေစကြို   ၄  မေ   

 

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် နွေရာသီနေ့ခင်းအပူချိန်မှာ မြင့်တက်နေသဖြင့် မြို့နေပြည်သူများအနေဖြင့် ရပ်ကွက်အတွင်းရှိနီးစပ်ရာ ဘုရားစေတီပုထိုးများ၊ ဘုရားဆောင်းတန်းများနှင့် ဘုရားအရုဏ်ခံများအတွင်းတွင် ဝင်ရောက်နေထိုင်ကာ အပူရှောင်ကြလျက်ရှိကြောင်း သိရသည်။

 

နေ့ခင်းဆိုရင် အိမ်မှာ မနေနိုင်ဘူးပူလွန်းလို့ ဘုရားထဲပဲ လာနေဖြစ်တယ်  တအားပူတဲ့အချိန်ပေါ့ ဘုရားထဲမှာပဲ နေကြတယ်။ ဘုရားနဲ့ဝေးတဲ့သူကတော့ထမင်းချိုင့်တို့ရေဘူးတို့ ထည့်ယူလာပြီးလာနေကြတာ ပေါ့။ဘုရားကရှေးဟောင်းဘုရားတွေဆိုတော့ ဘုရားအရုဏ်ခံဆောက်ထားတဲ့ အဆောက်အဦက ထုထည်ထူ တော့ တော်တော်အေးတယ် ဟု လေးမျက်နှာဘုရား အရုဏ်ခံအတွင်း အပူရှောင်လာသူဒေါ်ခင်မြင့် ကပြောသည်။

 

ဘုရားအတွင်းအပူရှောင်လာကြသူများသည်  အပူချိန်မြင့်သည့် နံနက် ၁၁ နာရီမှ မွန်းလွဲ ၃ နာရီအထိ ဘုရားများအတွင်း လာရောက်နေထိုင်ကြခြင်းဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံအလယ်ပိုင်း ဒေသ ရေစကြိုမြို့နယ်မှာ ဧပြီလနှင့် မေလအတွင်းအပူချိန်အလွန်မြင့် တက်လာသည်မှာ ၆ နှစ်ခန့်ရှိပြီဖြစ်သည်ဟု ဒေသခံများကပြောသည်။

 

ဒေါ်လေးကတို့ငယ်ငယ်ကတော့ ခုလိုအချိန် ပူရင် အဘွားက ဘုရားထဲလာနေတော့ လိုက်လိုက်လာတာပေါ့။ အဲဒီတုန်းကတော့ အသက်ကြီးတဲ့ သူတွေနဲ့ကလေးတွေပဲ အပူရှောင်ကြတာ အခုကတော့ ပူလွန်းတော့  လူလတ်ပိုင်းတွေရော အိမ်မှာ မနေနိုင်ဘူး ဘုရားထဲမှာပဲ လာနေကြတော့တာ ဟု  အသက် ၅၀အရွယ်ရှိ ဘုရားအတွင်းအပူရှောင်လာသူ အမျိုးသမီးတစ်ဦးက ပြောသည်။

 

ရေစကြိုမြို့နယ်တွင် ၂၀၁၃ ခုနှစ်၏  အမြင့်ဆုံးအပူချိန်မှာ ၃၅ ဒီဂရီစင်တီဂရိတ်ရှိခဲ့ ရာမှ ၂၀၁၄ ခုနှစ်တွင် ၃၉ ဒီဂရီစင်တီဂရိတ်ထိအပူချိန်မြင့် တက်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ၄၀ ဒီဂရီစင်တီဂရိတ်  ၊ ၂၀၁၆ ခုနှစ်တွင် ၄၂ ဒီဂရီစင်တီဂရိတ် ၊ ၂၀၁၇ ခုနှစ်တွင် ၄၅ ဒီဂရီစင်တီဂရိတ်  စသဖြင့် အပူချိန်မှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာခဲ့ကြောင်း ရေစကြိုမြို့နယ်ဒေသဆိုင်ရာ အချက်အလက်ပြဒေတာများမှ သိရှိရသည်။

 

ယခုနှစ် ၂၀၁၉ ခုနှစ် ဧပြီလ စတုတ္ထပတ်တွင် လူနေအိမ်များအတွင်း အပူချိန်တိုင်းတာချက်မှာ ၄၅ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ရှိပြီး  မြို့ဝင်ရှိ အပူချိန်ပြ LED ဆိုင်းဘုတ်တွင် ၄၇ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ယခုအချိန်တွင် ဆိုင်ကလုန်းမုန်တိုင်း ဖန်နီအရှိန်ကြောင့် မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် မိုးရွာသွန်းလျက်ရှိသော်လည်း မြန်မာနိုင်ငံအလယ်ပိုင်းဒေသ မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်တွင် မိုးရွာသွန်းခြင်းမရှိဘဲ အပူရှိန်လျော့ကျသွားခြင်းမရှိသေးသည့် အတွက် ဘုရားများအတွင်း အပူရှောင်သူများမှာ များပြားနေဆဲဖြစ်ကြောင်း သိရသည်။

 

အိမွန်ဆွေ(ရေစကြို)

 

IMG2