နေပြည်တော် ၂ မေ
ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာ အထူးပြပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားပြတိုက် (နေပြည်တော်)၌ ကျင်းပသည်။
အဆိုပါပြပွဲတွင် ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ်နှင့် မျက်မှောက်ခေတ် စသည်ဖြင့် ဘီစီ(၂)ရာစုမှ အေဒီ (၂၀)ရာစုအထိ သက်တမ်းရှိ ရှားပါး၍ လက်ရာမြောက်သည့် ရွှေထည်လက်ဝတ်ရတနာ အမျိုးအစားတစ်ရာ၊ အရေအတွက် ၈၇၀ နှင့် ရွှေချိန် ၄၅၀ဝ ဂရမ်ကျော်ကို ခင်းကျင်းပြသထားသည်။
“အခုလိုပြပွဲ လုပ်တဲ့အတွက် ပုံစံနမူနာလေးတွေလည်း ကြည့်ရတယ်။ အရင်က မြင်ဖူးခဲ့တဲ့ ရှေးခေတ်ပစ္စည်းတွေနဲ့ အခုမြင်ရတဲ့ပစ္စည်းတွေနဲ့ မတူတာ တွေ့ရတယ်။ ပုံလေးတွေနဲ့ပြသထားတဲ့အတွက် ပိုပြီးကောင်းပါတယ်။ ပုံလေးတွေထဲမှာ ရွှေဆံထိုး၊ ရွှေဆံပတ် စသည်ဖြင့်မြင် တွေ့ရတယ်။ ဒါ့အပြင် လက်ကောက်လို့ ထင်ရတဲ့ပစ္စည်းက လက်မောင်းမှာ ဝတ်ဆင်ထားတာတွေ့ရတယ်။ ကျွန်တော့် အသက်အရွယ်မှာ မသိသေးတဲ့ပစ္စည်းတွေ များစွာမြင်တွေ့ရတဲ့အတွက် ဗဟုသုတ တွေများစွာရရှိသလို ကလေးတွေအနေနဲ့ဆိုရင် ဗဟုသုတတွေ ပိုပြီးရမယ်လို့ ထင်ပါတယ်။ ကလေးတွေ မမြင်ဖူးတဲ့ ပစ္စည်းတွေကို မြင်ရတဲ့အပြင် ရှေးခေတ်တုန်းက အခုလိုပစ္စည်းတွေ သုံးစွဲခဲ့တယ်ဆိုတာကို သိသွားမှာဖြစ်ပါတယ်”ဟု ရှေးဟောင်း မြန်မာ့လက်ဝတ်ရတနာအထူးပြပွဲကို လာရောက်လေ့လာကြည့်ရှုသူ ဦးကျော်ကျော်က ပြောသည်။
ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာ အထူးပြပွဲခင်းကျင်းပြသရာ ပြခန်းအတွင်းသို့ မိဘပြည်သူများ၊ ကျောင်းသား/ကျောင်းသူများ၊ ကလေးသူငယ်များ၊ ဝန်ထမ်းများ စိတ်ဝင်တစား ဝင်ရောက်ကြည့်ရှုလေ့လာကြသည်။
ယင်းပြပွဲကို မေ ၁၉ ရက်အထိ ခင်းကျင်းပြသထားမည်ဖြစ်ပြီး တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသမည်ဖြစ်သည့်အတွက် မည်သူမဆို အခမဲ့ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
မောင်လူမော်


