နေပြည်တော် ၂၇ ဧပြီ

 

ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာ အထူးပြပွဲကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန အမျိုးသားပြတိုက် (နေပြည်တော်)၌ မေ ၂ ရက်မှ ၁၉ ရက်အထိ ကျင်းပမည်ဖြစ်ရာ ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်၊ ရတနာပုံခေတ်၊ ကိုလိုနီခေတ်နှင့် မျက်မှောက်ခေတ် စသည်ဖြင့် ဘီစီ(၂)ရာစုမှ အေဒီ (၂၀)ရာစုအထိ သက်တမ်းရှိရှားပါး၍ လက်ရာမြောက်သည့် ရွှေထည်လက်ဝတ်ရတနာများဖြစ်ပြီး အမျိုးအစားတစ်ရာ၊ အရေအတွက် ၈၇၀ နှင့် ရွှေချိန် ၄၅၀ဝ ဂရမ်ကျော်ကို ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါပြပွဲသည် ထူးခြားဆန်းကြယ်လှပသည့် လက်ဝတ်ရတနာများအား အများပြည်သူ ကြည့်ရှုလေ့လာနိုင်စေရန်၊ ဒြပ်ရှိယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် လက်ဝတ်ရတနာများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေ အနှစ်ဖြစ်သည့် မြန်မာ့ရိုးရာပန်းထိမ်ပညာရပ်တို့ကို နှိုင်းယှဉ်လေ့လာနိုင်စေရန်နှင့် မြန်မာ့ရိုးရာ ပန်းထိမ်ပညာကို အနာဂတ်မျိုးဆက်သစ်များက တန်းဖိုးထားလေ့လာသင်ယူပြီး လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်အသုံးပြုခဲ့သည့် အဖိုးတန်ရှေးဟောင်း ရွှေထည်လက်ဝတ်ရတနာများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

သို့ဖြစ်ပါ၍ ရှေးဟောင်းမြန်မာ့လက်ဝတ်ရတနာ အထူးပြပွဲကို တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမှအပ နေ့စဉ်နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ပြသမည်ဖြစ်သည့်အတွက် မည်သူမဆို အခမဲ့ဝင်ရောက် လေ့လာကြည့်ရှုနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီဌာနမှ သိရသည်။

 

မောင်လူမော်