ရေကြည် ၂၉ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မကျီးလဟာကျေးရွာအုပ်စုတွင် ဧပြီ ၂၈ ရက် နံနက် ၇ နာရီတွင် ငဝန်တာမိုင် ၅၉/၅ နှင့် ၅၉/၆ ကြား တာတုံးပြိုကျပျက်စီးမှုကြောင့် တာနောက်တွင် ဖြတ်တာတစ်ခုကို စက်ယန္တရားများဖြင့် အရေးပေါ်ဆောင်ရွက်လျက်ရှိကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်ဇော်နိုင်က ပြောကြားသည်။
ယခုဆောင်ရွက်လျက်ရှိသော ဖြတ်တာမှာ အလျား ပေ ၆၆၀၊ ထိပ်အကျယ် ၁၂ ပေ၊ ပျမ်းမျှအမြင့် ပေ ၂၀ ခန့်နှင့် လမ်းအနိမ့်အမြင့်အလိုက် အောက်ခြေခံ ပေ ၁၁၀ ရှိကြောင်း သိရသည်။
ငဝန်မြစ်ကမ်းပြိုမှုကြောင့် တာတုံးပြိုကျပျက်စီးသည့် တာနောက်အရေးပေါ်ဖြတ်တာတစ်လုံး ပြုလုပ်နေသည့် လုပ်ငန်းခွင်တွင် ဘက်ဟိုး နှစ်စီး၊ ရေဘောက်ဆာကား တစ်စီး၊ မြေသယ်ကား ငါးစီး၊ ဒိုဆာ တစ်စီး စသည့် စက်ယန္တရားများနှင့် အရေးပေါ်ဖြစ်သည့်အတွက် မိုးရာသီကာလ အချိန်မီရန် ဌာနမှ စက်ငှားဆောင်ရွက်နေကြောင်း သိရသည်။
ဆန်းတင့်


