သိပ္ပံစာရေးဆရာကိုကိုအောင်
သင်္ဘောဆေးစာပေသည် ကုန်းဘောင်ခေတ်တစ်လျှောက်တွင် အလွန်လူကြိုက်များ၍ ခေတ်စားခဲ့ပြီး ထိုပေတွင် ပါရှိသော နည်းပညာများကိုလည်း လက်တွေ့လုပ်ဆောင်ခဲ့ကြဟန် တူသည်။ အဆင့်ဆင့်မူပွားကူးယူသော ပေများကို လည်း တွေ့ရှိရပြန်သည်။ အင်္ဂလိပ်ဆေးကျမ်းအမည်ဖြင့် ၁၈၆၄ ခုနှစ်က ရေးကူးပြီးသော တစ်အင်္ဂါကိုးချပ်ပါ ၁၀ ကြောင်းရေး ပေတစ်ထုပ်နှင့် ၁၈၇၀ ပြည့်နှစ်က ရေးကူးသော နှစ်အင်္ဂါနှစ်ချပ်ရှိ ၁၀ ကြောင်းရေး ပေတစ်ထုပ်လည်း ရှိသေးသည်။ ဒုတိယပေနှစ်ထုပ်မှာ မင်းတုန်းမင်းလက်ထက်က ရေးကူးခဲ့သော ပေမူပွားများ ဖြစ်ကြသည်။
၁၈၆၄ ခုနှစ်က ရေးကူးသောပေတွင် ၁၇၅၉ ခုနှစ် ပေကထက် ဓာတုဗေဒနည်းပေါင်း ကိုးမျိုးပိုမိုပါဝင်ခဲ့သည်။ အလားတူပင် ၁၈၇၀ ပြည့်နှစ်က ရေးကူးသောပေတွင် ၁၈၆၄ ခုနှစ်ပေမူတွင်ပါသော အကြောင်းအရာများအပြင် တရုတ်နည်း၊ ယိုးဒယား(ထိုင်း)နည်းစသည်ဖြင့် အတတ်ပညာနည်းပေါင်း ၇၀ ကျော်ကို ထပ်မံဖြည့်စွက်ထားသည်။ အချို့သော နိုင်ငံခြားဘာသာ အခေါ်အဝေါ်များနှင့် ပညာ ရပ်ဆိုင်ရာ ဝေါဟာရများကိုလည်း မြန်မာဘာသာဖြင့် ပြန်ဆိုရှင်းလင်းဖော်ပြထားခဲ့သည်။
ယခင် တောင်တွင်းကြီးပြတိုက်တွင် အလားတူ ပေသုံးထုပ်ရှိခဲ့ဖူးသည်။ တောင်တွင်းကြီးပြတိုက်မှ ပေများမှာ လက်မှုပညာလုပ်နည်း၊ ဩသထရတနာကရကျမ်း၊ မြန်မာ ဖန်ချက်နည်းနှင့် သိပ္ပံပညာရပ်များ ဖြစ်ကြသည်။ ထိုပေသုံးထုပ်သည် သင်္ဘောဆေးစာ သို့မဟုတ် အင်္ဂလိပ် ဆေးကျမ်းပေ၏ မူပွားများဖြစ်ကြသည်။ အတွင်း စာသားပါ အကြောင်းအရာများကိုကြည့်၍ နှောင်းလူတို့က ပေတစ်လွှာချင်း၏ အမည်ကို ခေါင်းစဉ်ရေးထိုးထားသော ကြောင့်သာ အမည်ကွဲနေခြင်းဖြစ်သည်။ ရွှေမင်ဖော်နည်း စသည်ဖြင့် ၁၈၆၄ ခုနှစ် ပေမူ၏ မူပွားများဟု ခန့်မှန်းရ သည်။
ဖန်ချက်နည်း ဘယ်ချိန်ကစ
လက်မှုပညာလုပ်နည်းပေမှာ မူလညောင်ကိုင်း ကျောင်းမှ ပေဖြစ်သည်။ မြန်မာဖန်ချက်နည်းနှင့် သိပ္ပံ ပညာရပ်များ ပေသည် မူလသာစည်နယ် ဖရုံကျောင်းမှ ပေဖြစ်သည်။ ထိုပေထုပ်သုံးထုပ်တွင် အဆုံးပိုင်းများ မပါရှိသဖြင့် ပေရေးကူးခဲ့သည့် နှစ်များကို မသိရပေ။ ပေအစပိုင်း တွင် သင်္ဘောဆေးစာနှင့် အင်္ဂလိပ်ဆေးကျမ်းများအတိုင်း ရှေးခေတ်သုံးသဒ္ဒါဖြင့် “ယူဇနာရှစ်သောင်းလေးထောင် နက်သော သီတာအောံ၌ ရတနာသဲပြင်တို့ကို ဆောင်ယူ သကဲ့သို့။ သင်္ဘောပြည်မှ။ သင်္ဘောသူကြီးတို့သည် ယူ၍ ဆက်သသော အထူးထူးသော နည်းကောင်းတို့ကို မှတ်သားထားသည်ဘုရား” ဟု နိဒါန်းပျိုးထားသည်။
ဖော်ပြပါ ပေခြောက်ထုပ်တွင် မှတ်တမ်းတင်ထား သော ဖန်ချက်နည်းအပါအဝင် အတတ်ပညာနှင့် နည်းပညာများ သည် သင်္ဘောပြည်မှ သင်္ဘောသူကြီးတို့ ယူဆောင်ဆက်သသော နည်းများဟု ဆိုထားသဖြင့် တိုင်းတစ်ပါးမှရသော အတတ်ပညာနှင့် နည်းပညာများ ဖြစ်ကြောင်း၊ ထိုသိပ္ပံအတတ်ပညာနှင့် နည်းပညာများကို ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်အတွင်းက များစွာ လေ့လာလိုက်စား မှတ်သားခဲ့ကြကြောင်း ထင်ရှားသည်။ ထို့ကြောင့်ပင် အဆင့်ဆင့်မူပွားကာ ကူးယူစုဆောင်းခဲ့ကြခြင်း ဖြစ်သည်။
ထိုစဉ်က ဘုန်းတော်ကြီးကျောင်းများသည် ဇာတ် နိပါတ်၊ ပျို့၊ ကဗျာ၊ ဆေးကျမ်း၊ ဗေဒင်ကျမ်း၊ အဂ္ဂိရတ် ကျမ်းမှစ၍ လောကီ၊ လောကုတ္တရာစာပေများကို စုဆောင်းထားရှိရာ ပညာ့ရိပ်မြုံ သို့တည်းမဟုတ် ပိဋကတ် တိုက်ကြီးများပင် ဖြစ်ကြသည်။ တတ်နိုင်သူ ဒါယကာ ဒါယိကာမများက ထိုစာပေအမျိုးမျိုးကို ပေထက်တင် မူပွားကာ ဓမ္မဒါနအဖြစ် လှူဒါန်းခဲ့ကြသဖြင့်လည်းကောင်း၊ ဘုန်းတော်ကြီးများ ကိုယ်တိုင်ကလည်း စုဆောင်းခဲ့ကြ သဖြင့်လည်းကောင်း ရှေးမြန်မာဘုန်းတော်ကြီး ကျောင်း များ၌ စာကောင်းပေမွန်မျိုးစုံရှိခဲ့သည်။ ညောင်ကိုင်း ကျောင်းနှင့် သာစည်နယ် ဖရုံကျောင်းတို့မှ လက်မှုပညာ လုပ်နည်းပေနှင့် ဖန်ချက်နည်းပေများကို ရရှိခဲ့ခြင်းက သာဓကအဖြစ် ပြဆိုနေသည်။ အလားတူပင် များပြားလှသော ဘုန်းကြီးကျောင်းများ၌ သင်္ဘောဆေးစာ၊ အင်္ဂလိပ် ဆေးကျမ်း၊ လက်မှုပညာ လုပ်နည်းစသော ပေများနှင့် မူပွားများ ရှိခဲ့ပေလိမ့်မည်။ အမည်အမျိုးမျိုးတပ်ထားခဲ့ သောကြောင့် လည်းကောင်း၊ ရှာဖွေမတွေ့ရှိသေးသောကြောင့်လည်းကောင်း၊ ပျက်စီးဆုံးရှုံးသွားသောကြောင့်လည်းကောင်း မသိရှိကြရခြင်း ဖြစ်နိုင်သည်။
ထိုပေများအနက် သင်္ဘောဆေးစာပေ (၁၈၇၀ ပေမူ)ကို ဗြိတိသျှခေတ် ၁၉၁၃ ခုနှစ်တွင် ဆရာလွန်း (သခင် ကိုယ်တော်မှိုင်း)က လက်မှုပညာဋီကာအမည်ဖြင့် ပုံနှိပ် ထုတ်ဝေခဲ့သည်။ စာအုပ်တွင်ပါသော ပညာရပ်များကို လက်တွေ့လုပ်ဆောင်ဖူးခြင်း မဟုတ်ဘဲ သင်္ဘောဆေးစာ ကို ဖွင့်ပြခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။ ပေတွင် ပါသော ရှေးခေတ်အရေးအသားများ၊ အဓိပ္ပာယ်မပေါ်လွင်သော အရေးအသားများကို ဖတ်ရလွယ်အောင် ခေတ်နှင့် လျော်ညီစွာ ပြုပြင်ဖော်ပြထားသည်။
ပေစာထဲက ဖန်ချက်နည်းများ
တွေ့ရှိရသမျှပေတို့တွင် ပါဝင်သည့် ဖန်ဖြူ၊ ဖန်နီ၊ ဖန်ဝါ သို့တည်းမဟုတ် ရွှေရောင်ဖန်၊ ဖန်ပြာ၊ ဖန်စိမ်း သို့တည်းမဟုတ် မြရောင်ဖန်၊ ပုလဲရောင်ဖန်၊ ဖန်နက်ချက် နည်း ခုနစ်မျိုးသည် ပေစာကူးအမှား၊ သတ်ပုံအချွတ် အလွဲနှင့် စာအကျအနများမှလွဲ၍ အကြောင်းရပ်အားဖြင့် ထပ်တူဖြစ်သည်။ ဖန်ချက်နည်းကို ရှေးခေတ်သုံးသဒ္ဒါဖြင့် ဖော်ပြရာ၌ -
“အထူးထူးသော မြက်သစ်ပင်တို့တွင် ဆားဓာတ်၊ ဆီဓာတ်၊ ရေဓာတ်ဟူ၍ နာနာသိပ္ပံသမူဟောတည်း ဟူသော ကျမ်းဂံထွက်သည်နှင့်အညီ ဘန်၏အရာ၌ ပထမ မူလအရင်းဖြစ်သော ထိုအထူးထူးသော မြက်သစ်ပင်တို့မှ ဆားကိုထုတ်ယူ၍ သဲကျောက်တို့ဖြင့် ရောရှက်သည်ရှိသော် ဘန်ဖြစ်စေတတ်သော နိဿရည်းကိုဆိုလတံ့” ဟု အစချီ ကာ လိပ်သရွေ၊ သမင်စာဖို၊ သမင်စာမ၊ ထနောင်း၊ ကျူ၊ သက်ကယ်၊ ထန်းနို့၊ ငှက်ပျောဟူသော သစ်ပင်ရှစ်မျိုးမှ ဆားချက်ယူပုံကို ပထမဖော်ပြထားသည်။
ထို့နောက် ဖန်ချက်ရာတွင် အသုံးပြုမည့် ခဲမပုပ်ကို ပြာချနည်းအား ဖော်ပြသည်။ ခဲပြာနှင့် သစ်ပင်မှချက်သော ဆားတို့ကို ပေါင်းစပ်လျှင် ဖန်ဖြစ်သော်လည်း အရောင် အဝါမရှိ၊ အထိအခိုက်မခံပေ။ ကျောက်သဲအစရှိသည်တို့ကို ရောယှက်၍ ချက်ရသည်ဟု ဖော်ပြကာ ကျောက်မှုန့် ၊ သဲမှုန့်တို့နှင့် ရောသောနည်းကို ဖော်ပြသည်။ မီးပွင့်သည့် ကျောက်မှသာ ဖန်ဖြူသည်။ ဖန်စိမ်းစီရင်လျှင် သဲနုမှ ကောင်းသည်ဟုလည်း ဖော်ပြထားသည်။ ဖန်ဖြူ၊ ဖန်နီ၊ ရွှေရောင်ဖန်၊ ဖန်ပြာ၊ မြအဆင်း သို့မဟုတ် ဖန်စိမ်း၊ ပုလဲ ရောင်ဖန်၊ ဖန်နက်များ ချက်ရာတွင် သစ်ပင်ဆား၊ ခဲမ ပုပ်ပြာ၊ သံမဏိပြာ၊ ဒန်ပြာ၊ ကြေးနီ၊ ကုလားရွှေ၊ ကန့်မှုန့်၊ ကျောက်စရစ်မှုန့်၊ သဲ၊ တာတရုတို့ကို အတိုင်းအဆ အချိန်အတွယ်နှင့် လိုအပ်သလို အသုံးပြု၍ ချက်လုပ်ပုံများ ကို ဖော်ပြထားသည်။ သင်္ဘောဆေးစာကို ၁၈၇၀ ပြည့်နှစ် တွင် ဖြည့်စွက်ရှင်းလင်းရေးသားထားသော ပေမူပါ ရှင်းလင်းချက်အရ တာတရုမှာ ယမ်းဖြစ်ကြောင်း သိရသည်။
ရတနာပုံခေတ်တွင် ခေတ်မီစက်ရုံများကို တည်ထောင်ရာ၌ ဖန်ချက်စက်ရုံလည်း အပါအဝင်ဖြစ်သည်ဟု ဆိုကြသည်။ သို့ရာတွင် ရာဇဝင်ကျမ်းများ၌ ဖန်ချက်စက်ရုံဟု တိတိကျကျ ဖော်ပြထားခြင်းကိုမူ မတွေ့ရပေ။ စက်ရုံများနှင့် စပ်လျဉ်း၍ ဖော်ပြသော မြန်မာမင်းအုပ်ချုပ်ပုံ စာတမ်းက “လက်နက်နှင့်ဆိုင်သော စက်ဆိုသည်ကား အမြောက် သေနတ်လုပ်စက်၊ ဒင်္ဂါးလုပ်စက်နှင့် အရည်ကျိုစက် စသည်များကို ဆိုလိုသည်။ သင်္ဘောနှင့်ဆိုင်သော စက်ဆို သည်ကား ပင်လယ်သွား၊ မြစ်ကြောင်းသွား သင်္ဘောများနှင့် မီးရထားလမ်းလုပ်ရန် သံရည်ကျိုစက် စသည်ကို ဆိုလိုသည်။ အထည်နှင့်ဆိုင်သော စက်ဆို သည်ကား ကတ္တီပါစက်၊ ပိုးပုဆိုးစက်၊ ဂွမ်းစက်၊ ဆန်စက်၊ သကြားစက် စသည်တို့ကို ဆိုလိုသည်” ဟု စက်အုပ်စု သုံးမျိုးကို ခွဲခြားပြထားသည်။
ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးက “ရွှေ ဒင်္ဂါး ၊ ငွေဒင်္ဂါး၊ ပုံရိုက်လုပ်ဆောင်သော ဒင်္ဂါးစက်ရုံတော်၊ စပါးအမျိုးမျိုး ကြိတ်လုပ်သော ဆန်ကြိတ်စက်ရုံတော်၊ အမြောက်ကြီးငယ်၊ လှံထားအမျိုးမျိုး၊ ဗုံးဆန် တူဆန် အမျိုးမျိုးသွန်းလုပ်သော စက်ရုံတော်၊ သစ်ပျဉ်များကို တိုက်ခွဲသော လွှစက်ရုံတော်၊ သကြားချက်လုပ်သော စက်ရုံတော်၊ မဲနယ်ချက်လုပ်သော စက်ရုံတော်မှစ၍ စက်ရုံ အမျိုးမျိုး ဦးရေငါးဆယ်ကျော်” ဟု ပြဆိုထားသည်။ ရတနာသီခ မဟာရာဇဝင်ကလည်း “ရွှေမြို့တော် အနောက်မြောက်ရွှေတချောင်းနား၌ စက်ရုံတစ်ခု၊ အထည် လုပ်သော စက်ရုံ၊ ယက်ကန်းစက်ရုံ၊ စပါးစက်ရုံ၊ လွှစက်၊ သကြားစက်၊ ပန်းကန်စက်၊ ကော်ဇောကမ္ပလာလုပ်စက်ရုံ၊ ၎င်းစက်ရုံများကို”ဟု ဖော်ပြထားသည်။ ယင်းဖော်ပြချက် များထဲ၌ ဖန်ချက်စက်ရုံဟူ၍ မတွေ့ရှိရပေ။
ရတနာပုံခေတ်နှင့် ဖန်ချက်စက်ရုံ
စက်ရုံများစာရင်းတွင် ဖန်ချက်စက်ရုံဟု မတွေ့ရသော် လည်း ရတနာပုံခေတ်၌ ဖန်ချက်လုပ်ငန်းထွန်းကားခဲ့ သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ အမရပူရမြို့တော်တွင် ဖန်ချက်တန်းဟုပင် ရှိခဲ့သည်။ ရတနာပုံ နေပြည်တော် ၌လည်း ယခုမန္တလေးမြို့ ၈၁ လမ်းဝန်းကျင်သည် ဖန်ချက် တန်းဖြစ်ခဲ့သည်။ ထို့ပြင် ရာဇဝင်များ၌ ရှေးကမတွေ့ရ ဖူးသော ဖန်ချက်ဝန်ရာထူးကို မင်းတုန်းမင်းလက်ထက်တွင် စတင်တွေ့ရှိရသည်။ မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်ရတနာပုံခေတ်တွင် ဖန်ချက်ဝန် သုံးဦးရှိခဲ့သည်။ ဖန်ချက်ဝန် ဦးဖန်၊ နောင်တွင် ကျောက်မြောင်း အတွင်းဝန်ဖြစ်သွားသော ဖန်ချက်ဝန်ဦးရွှေအိုးနှင့် သီပေါ မင်းလက်ထက်တွင် နန်းမတော် မိဖုရားခေါင်ကြီးဘုရား စာရေးကြီးဖန်ချက်ဝန်တို့ ဖြစ်ကြသည်။ သီပေါမင်းလက်ထက် ဝန်ကြီး၊ မှူးကြီး၊ ဝန်စုနှင့် မှူးစုများစာရင်းတွင် မင်းလှနရစည်သူကျော် ဖန်ချက်ဝန်မောင်ပွားဟုပါရှိသည်။ မောင်ပွားသည် မိဖုရားခေါင်ကြီး၏ စာရေးကြီး ဖန်ချက်ဝန်ဖြစ်မည်ဟု မှန်းဆရသည်။
ဖန်ချက်ဝန်တို့၏ လုပ်ငန်းတာဝန်မှာ ဖန်ကြည် လုံးကြီးငယ်၊ ဖန်ပြောင်းမှုတ်လုပ်ရသော ဖန်ချက်အစုသား တို့ကို မင်းမှုတော်ရပ်ရှိသည့်အခါ အတွင်းတော်က ပေးအပ် သည့် စနစ်ပုံစံအတိုင်း မှုတ်လုပ်ပေးအပ် ထမ်းရွက်ရခြင်း ဖြစ်သည်။
မင်းတုန်းမင်းလက်ထက်တွင် ဖန်ချက်အစု ဖန်ချက်အလုပ်သမားများကို တောင်ထားဝယ် သေနတ်ဗိုလ်က ကြီးကြပ် အုပ်ချုပ်ခဲ့ခြင်းကိုလည်း တွေ့ရှိရသည်။ ထိုစဉ်က ဖန်ချက်အလုပ်သမားများထဲတွင် ဘင်္ဂလားမှလာသော ဖန်ချက်သမားများလည်း ရှိခဲ့သည်။ ၁၈၇၅ ခုနှစ်က ခေါ်တာဘတ်သည် ဘင်္ဂလားမြို့မှလာ၍ တောင်ထားဝယ် သေနတ်ဗိုလ်ထံတွင် တစ်လလျှင် လခကျပ် ၄၀ ဖြင့် ဖန်ချက်အလုပ်၌ ဝင်ရောက်အမှုထမ်းသည်။ ခေါ်တာ ဘတ်သည် အရက်ဘိန်းသောက်စားသဖြင့် ခုနစ်လအကြာ တွင် အလုပ်မှထုတ်ပယ်ခံခဲ့ရသည်။ ဤသည်ကို မကျေနပ် ၍ ၁၀ လ အတွက် လစာကျပ် ၄၀၀ ရရန် ကျန်ရှိကြောင်း ခေါ်တာဘတ်က အင်္ဂလိပ်အရေးပိုင် (အင်္ဂလိပ်သံကိုယ်စား လှယ်)မှတစ်ဆင့် တိုင်တန်းလျှောက်ထားသဖြင့် ဖြေရှင်းပေးရခြင်း ရှိခဲ့သည်။
မင်းတုန်းမင်းလက်ထက် အမရပူရရှိ ဖန်ချက်လုပ်ငန်းကို မေဂျာအာသာဖယ်ရာနှင့်အတူ နေပြည်တော် သို့ ရောက်ရှိ လာသော ကပ္ပတိန် ဟင်နရီယူးလ်က မြင်တွေ့ခဲ့သည်။ ချက်လုပ်သော ဖန်ပုလင်းများမှာ ဖန်သားကောင်း မွန်၍ ကြည်လင်နေကြောင်း၊ အိန္ဒိယနိုင်ငံ ဟဒ်ဝါမြို့ထွက် ဖန်ထည်များထက် သာလွန်ကြောင်း ယူးလ်က သူ၏ မှတ်တမ်းတွင် ဖော်ပြထားခဲ့သည်။ ယူးလ်သည် ဖန်ထည် ပစ္စည်းများကိုသာ မြင်တွေ့ခဲ့ရပြီး ချက်လုပ်ပုံကိုမူ မမြင် ခဲ့ရပေ။ ထို့ကြောင့်ပင် အင်္ဂလန်မှ ရောက်ရှိလာသော ဖန်သားဖန်ခဲများကို ပြန်လည်ကျိုချက်ခြင်း ဖြစ်ဟန်တူ သည်ဟု မှတ်ချက်ပြုထားသည်။
ရတနာပုံခေတ် ဘုရင့်ဖန်ချက်စက်ရုံတော်မှ မည်သည့်ပစ္စည်းများ ထုတ်လုပ်ခဲ့ပြီး မည်မျှထုတ်လုပ်နိုင်စွမ်း ရှိခဲ့သည်ကို အတိအကျမသိရပေ။ ယခင် တောင်တွင်းကြီး ပြတိုက်တွင် ဇီးချိုဒိုင်သွေးသောက်ကြီး ဦးဖျော်လှူဒါန်း ခဲ့သော မင်းတုန်းမင်းလက်ထက် မြန်မာ့လက်ရာ ဖန်ခွက်၊ ဖန်ကရားနှင့် ဖန်အုပ် စသောပစ္စည်းများရှိခဲ့သည်။ ပြတိုက် မီးလောင်ရာတွင် ပျက်စီးခဲ့ကြပြီး အထောက်အထားအဖြစ် ဓာတ်ပုံသာလျှင် ကျန်ရှိတော့သည်။
ရတနာပုံခေတ်က ဖန်ပုံစံအမျိုးမျိုး
ရွှေတောင်မြို့နယ် ကွေ့မရွာတွင် မြစ်ကမ်းပြိုရာမှ ငွေထုံးဘူး၊ ငွေခွက်များနှင့်အတူ ဖန်ပြာခွက်သုံးခုကို ရရှိခဲ့ သည်။ ထိုဖန်ပြာခွက်များမှာ အနက်ဖန်ခွက်သုံးခုသည် ဆင်တူရွယ်တူဖြစ်ပြီး တစ်လုံးမှာ အပြာရောင်ဖြစ်၍ ကျန် နှစ်လုံးက အစိမ်းရောင်ဖြစ်သည်။ တောင်တွင်းကြီး ပြတိုက်တွင်ရှိခဲ့ဖူးသော ဖန်ခွက်ကဲ့သို့ အထက်မှအောက်သို့ ရှူးသွားခြင်း မဟုတ်ဘဲ အောက်ခြေ၌ သိမ်သွားကာ လည်ရစ်ပါသောအထိုင်ဖြင့် ပြုလုပ်ထားသော ဖန်ခွက်များ ဖြစ်ကြသည်။
ဖန်ခွက်သုံးလုံး၏ နှုတ်ခမ်းအဝန်းအဝိုင်း တူညီခြင်း၊ ဖန်ခွက်ကိုယ်ထည် အချိုးအစားတူညီခြင်းတို့ကို ထောက်၍ ဖန်သားအရည်ကို သွန်းပုံစံခွက်အတွင်းသို့ သွင်း၍ ပါးစပ်ဖြင့် မှုတ်ယူခဲ့သည်ဟုယူဆရသည်။ ဖန်ခွက်အောက် ခြေအထိုင် တစ်ခုနှင့်တစ်ခု အရွယ်မတူညီခြင်း၊ ပုံသဏ္ဌာန် မတူခြင်း၊ အနိမ့်အမြင့် ကွာခြားခြင်းတို့ကြောင့် သီးခြား ဖန်ရည်ကပ်ယူပြီး လက်လွတ် (Free Hand) ပုံဖော်ယူ သည်ဟု တွေးဆနိုင်သည်။ ဖန်ခွက်များတွင် အပြာရောင် နှင့် အစိမ်းရောင်နှစ်မျိုးတွေ့ရရာ အပြာရောင်အတွက်မူ Cobalt ဂုဏ်သတ္တိနှင့် အလားတူသော ဓာတ်ပြာကို အသုံးပြုခဲ့သည်ဟု ယူဆနိုင်ပြီး အစိမ်းရောင်အတွက် Copper ဂုဏ်သတ္တိနှင့် အလားတူသော ဓာတ်ပြာကို အသုံးပြုခဲ့သည်ဟု ယူဆရသည်။ ဖန်ခွက်တစ်ခုနှင့်တစ်ခု အထူအပါးမညီခြင်းကမူ ပါးစပ်မှမှုတ်သည့် မှုတ်အား (Pressure) ကွာခြားခြင်းကြောင့် ဖြစ်နိုင်ခြေရှိသည်။ ဖန်ခွက်နှုတ်ခမ်းများကို မီးပေးပြီး အချောကိုင်ထားသော် လည်း အောက်ခြေအထိုင်များကိုမူ မီးပေးအချောကိုင်ထားခြင်းကိုသော်လည်းကောင်း၊ အချောကိုင်ကိရိယာ (Grinding Wheel) ဖြင့် အချောကိုင်ထားခြင်းမျိုးကိုသော် လည်းကောင်း မတွေ့ရှိရပေ။
ရတနာပုံခေတ်တွင် ဖန်တကောင်း၊ ဖန်ခွက်၊ ဖန်မီး ပဒေသာ၊ ဖန်အုပ်၊ ဖန်မီးအိမ်၊ ဖန်မီးအုပ်၊ မီးပေါင်း စသည့် ဖန်ပစ္စည်းများကို အသုံးပြုခဲ့ကြောင်းနှင့် မင်း၊ မိဖုရားတို့က လှူဒါန်းပေးကမ်းကြောင်း အထက်တွင် ဖော်ပြခဲ့ပြီး ဖြစ် သည်။ ထိုဖန်ထည်အမျိုးမျိုးမှာ ရတနာပုံဖန်ချက်စက်ရုံမှ ဖန်ချက်အလုပ်သမားများက ချက်လုပ်သော လက်ရာများ ဖြစ်နိုင်သည်။ သို့ရာတွင် ထိုအချိန်က နိုင်ငံခြားဖြစ် ခေတ်မီ ဖန်ထည်နှင့် ဖန်ပစ္စည်းအမျိုးမျိုး၊ မှန်ကြီး မှန်ငယ် အမျိုး မျိုးတို့သည် ရတနာပုံနန်းတွင်းသို့ ဝင်ရောက်ကာ နေရာ ယူနေခဲ့ကြပြီ ဖြစ်သည်။ ပါရှန်နှင့်တူရကီကုန်သည်ကြီး များက ထိုပစ္စည်းမျိုးအများအပြားကို ရွှေနန်းတော်သို့ ဆက်သကြပြီး နေပြည်တော်၌လည်း ရောင်းချကြသည်။
အင်္ဂလန်နှင့် ဥရောပနိုင်ငံများထုတ် ကြည်လင်လှပသော ခေတ်မီဖန်ထည်ပစ္စည်းများမှာ ရန်ကုန်မှတစ်ဆင့် နေပြည်တော်သို့ တိုးဝင်နေခဲ့ကြရာ ရတနာပုံဖန်ချက်ရုံ ထွက်မြန်မာ့လက်ရာများအနေဖြင့် အဆိုပါ နိုင်ငံခြားဖြစ် ဖန်ထည်များကို ယှဉ်ပြိုင်အန်တုနိုင်စွမ်း ရှိခဲ့မည်မဟုတ် ပေ။ ပို၍ကြည်လင်လှပသော နိုင်ငံခြားဖြစ် ဖန်ထည် ပစ္စည်းများကို မင်း၊ မိဖုရားတို့နှင့်တကွ နေပြည်တော်သူ၊ နေပြည်တော်သားတို့ကပါ ပိုမိုနှစ်ခြိုက်တန်ဖိုးထားခဲ့ကြ သဖြင့် ရတနာပုံဖန်ချက်ရုံနှင့် ဖန်ချက်လုပ်ငန်းများက မှေးမှိန်နေခဲ့သည်ဟု ယူဆရသည်။ မြန်မာ့လက်ရက်ထည် များက နိုင်ငံခြားဖြစ် ပွင့်စုံရောင်စုံအဆင်ဆန်းသရက် ထည်များ၏ ထိုးနှက်ချက်ကို မခုခံနိုင်ဘဲ တိမ်မြုပ်ခဲ့ရ သကဲ့သို့ပင် မြန်မာ့ဖန်ထည်များကလည်း မှေးမှိန်တိမ်မြုပ် ခဲ့ရပေလိမ့်မည်။ တိုင်းပြည်နှင့် လူမျိုးတို့ တိုင်းတစ်ပါး စိုးမိုးမှုအောက်သို့ ရောက်ရှိသွားသည်နှင့် မြန်မာ့ဖန်ချက် လုပ်ငန်းများက လည်း တစ်ခန်းရပ်သွားခဲ့သည်။ သို့ရာတွင် ရတနာပုံဖန်ချက်လုပ်ငန်းသည် မြန်မာ့မြေပေါ်မှ အပြီးတိုင် ပျောက်ကွယ်သွားခဲ့သည်တော့ မဟုတ်ပေ။ မန္တလေး မြို့တွင် ယနေ့ထိတိုင် ဖန်ကြည်လုပ်ငန်းများက အထူးစည်ပင်ထွန်းကားလျက်ရှိနေသည်ကို တွေ့မြင်နိုင်သည်။
(ရှေးအခါက ဖန်ကို ဖလ်ဟု ရေးသားခဲ့ကြသည်။ ဖလီကဟူသောပါဠိမှ ဆင်းသက်လာသည်ဟု ယူဆသော ကြောင့် ဖြစ်သည်။ နောက်ပိုင်းအရေးအသားများတွင် ဘန်ဟု သုံးနှုန်းသည်ကို အများအပြားတွေ့ရှိရသည်။ ယခုခေတ်၌မူ ဖန်မှန်၊ ဖန်ဘူး၊ ဖန်ခွက်ဟု သတ်ပုံကျမ်းက ပြဋ္ဌာန်းထားသည်။ ရှေးအထောက်အထားများကို ကိုးကား ရေးသားရာတွင် မူရင်းအတိုင်း ဖလ်နှင့်ဘန်ဟု သုံးနှုန်း ရသည်များ ရှိခဲ့သည်။ အလားတူပင် ရှေးခေတ်သုံး သဒ္ဒါဖြင့် ရေးသားထားသော စာပေအထောက်အထားများကိုလည်း ရှေးမူအတိုင်း သုံးနှုန်းတင်ပြခဲ့ရသည်များကို တွေ့ရှိ ဖတ်ရှုခဲ့ကြရလိမ့်မည် ဖြစ်သည်။)


