မောင်သိန်းဆိုင်

 

ယမန်နေ့မှအဆက်

 

မိမိကိုယ်တိုင်က မိခင်နေရာကို ယူလာရလေသောအခါ၊ မိမိကိုယ်တိုင် မိမိရင်သွေးကို ပြုစုယုယရလေသည့်အခါ မိမိ၏မိဘနှင့် စပ်လျဉ်း၍ တွေးမိမြဲ ဖြစ်သည်။ မိဘဟူသောစကားသည် ရင်၌ ပဲ့တင်ထပ်လာမြဲ ဖြစ်သည်။ ထိုအခါမျိုးတွင်လည်း နန်းကိန္နရီ သည် တုန်လှုပ်ချောက်ချားလာရကာ ကမ္ဘာလောက အတွင်းမှ အော်ဟစ်ထွက်ပြေးလိုလျက် ရှိရလေသည်။ မိခင်နှင့် ဖခင်တို့၏အဖြစ်က မကောင်းခဲ့။ သူတို့၏အကြောင်းက မလှခဲ့။ ပြန်လည်တွေးတောရန်ပင် ဝန်လေးရသည်။ တွေးတောမိလေတိုင်းလည်း နှလုံးသွေးပျက်ခမန်း ခံစားရသည်။

 

သို့တိုင်အောင် ရံဖန်ရံခါဆိုသလို စိတ်အတွေးသို့ သူတို့ ရောက်လာမြဲ။ နန်းကိန္နရီအား လာရောက် ခြောက်လှန့်တတ်မြဲပင်။

 

ဖခင်ဆိုသူကိုတော့ မြင်ပင် မမြင်ခဲ့ရ။ မိခင်နှင့်ကား တစ်ကြိမ်တစ်ခဏမျှ မျက်နှာချင်းဆိုင်လိုက် ရသေးသည်။ သည်စဉ်က မြင်ခဲ့ရသော ညှိုးငယ် နွမ်းနယ်သည့် မျက်နှာထားကို မေ့ပစ်၍ မရသေး။ ဝပ်တွားခယ တောင်းပန်ခဲ့သည့် စကားတို့ကိုလည်း ကြားယောင်မိဆဲပင်။ သို့နှင့်အမျှလည်း ကြေကွဲ ဝမ်းနည်းခြင်းကို ခံစားရသည်။

 

“အမေလို့ တစ်ခွန်းလောက် ခေါ်စမ်းပါ သမီးလေးရယ်”

 

ရက်ပေါင်းများစွာ ရေငတ်ခဲ့သူပမာ တမ်းတမ်းတတ လိုလိုချင်ချင်ကြီးပြောခဲ့သော မိခင်၏စကား သံသည် အဝေးမှနေ၍ ပဲ့တင်သံသဖွယ် ပေါ်ပေါက်လာတတ်သည်။ ယင်းအသံက နှလုံးသည်းပွတ်များ ကို ပွတ်တိုက်ခြေမွှသွားသည့်နှယ်ဖြစ်သည်။ ရင်မှာ လောင်ကျွမ်းနာကျင်ခဲ့သည်။ သည်စဉ်က မိမိအနေ နှင့် ခါးခါးသီးသီး ငြင်းပယ်ခဲ့ပုံကို သတိရသည်။

 

ယခုသားက မိမိကို “မေမေ” ဟု ခေါ်စေချင်လှပေ ပြီ။ ကလေးက ဗူးပင်မမှုတ်တတ်သေး။ စကား ပြောစေချင်လှပေပြီ။ တစ်ခါတစ်ရံ ငိုကြွေးရင်း မေမေဟုများ ခေါ်လိုက်လေသလား ထင်ကာ ငိုသံကိုပင် စောင့်၍ နားထောင်ကြည့်မိသေးသည်။

 

လင်ဖြစ်သူနှင့်သည်အကြောင်း ပြောရသည်မှာလည်း မကြာခဏ။ မျိုးထွန်းသိန်းက သားကို ဒယ်ဒီနှင့် မာမီဟု သင်ပေးချင်သည်။ သူကတော့ ဖေဖေ မေမေသာ ခေါ်စေချင်သည်။ ဒယ်ဒီ မာမီဆိုသည်က ကိုယ့်လူမျိုးရဲ့စကားမှ မဟုတ်ဘဲ။ ဖေဖေ မေမေ ပင်ဖြစ်စေ၊ အဖေ အမေပင်ဖြစ်စေ ခေါ်မည်ဆိုလျှင် နားဝင်ချိုမည် အမှန်ပင်။ သို့ပေမဲ့ သူ့အလိုကိုလည်း မဆန့်ကျင်ချင်။ ဘာပဲဖြစ်ဖြစ် သားမှာ ခေါ်စရာ ရလျှင်ဖြစ်သည်။ မေမေဖြစ်ဖြစ်၊ မာမီဖြစ်ဖြစ် ခေါ်ဖို့ သာလျှင် အဓိက။

 

တစ်ခါတစ်ရံ မိခင်ဖြစ်သူနှင့် စပ်လျဉ်းစဉ်းစား မိပါက ယခုအခါ မည်သည့်နေရာဒေသသို့ရောက်၍များ နေလေပြီလဲဆိုသော အတွေးရောက်လာတတ်မြဲ ဖြစ်သည်။ ဒေါ်ရေနံ့သာခင်ခင်ကြီး၏ အမှုစစ်စဉ်ရုံးမှာ တွေ့ရသေးသည်။ နောက်တော့ ပျောက်ကွယ်သွားသည်ဟု သိရသည်။ ငှက်တေလေများလို ဘယ်ကလာ၍ ဘယ်မှာနားကာ ဘယ်သို့သွားမည် မသိတတ်။ အစပိုင်းကတော့ သည်လိုပျောက်ကွယ် သွားသည်ကိုပင် ဝမ်းသာခဲ့မိသေးသည်။ ကျေနပ်မိ ခဲ့သေးသည်။ သို့တိုင်အောင် မိုးသည်းထန်လွန်းသော ညများ၌ အိပ်ရာမှ လန့်ဖျပ်နိုးထလာပြီး တွေ့ကရာ ရှစ်သောင်းကို တွေးမိပြီဆိုလျှင် နန်းကိန္နရီသည် မိခင်ကို သတိရသည်။ ယခုလိုအခါမျိုး၌ မိုးလုံလေလုံမှ ရှိပါလေစ။ ပူနွေးသောအိပ်ရာထက်မှာမှ ရှိပါလေစ စသည်ဖြင့် စိုးရိမ်ပူပန်ခြင်း ဖြစ်မိသည်အမှန်ပင်။

 

တစ်ခါတစ်ခါတော့လည်း ဦးကောင်းမိုးလို ဖခင်အစား ဖခင်မှာ အခြားသူတစ်ယောက်သာ ဖြစ်လိုက်ပါတော့။ မခင်သန်းနွဲ့လို မိခင်အစား အခြားမိန်းမ တစ်ယောက်သာ ဖြစ်လိုက်ပါစေတော့ စသည်ဖြင့် ဆုတောင်းမိသည်။ ယင်းသို့ဆိုလျှင် နန်းကိန္နရီသည် မိမိဘဝကို မည်သို့မျှ နာကြည်းမိလိမ့်မည် မဟုတ်ပေ။ မည်သို့မျှ ကြေကွဲဝမ်းနည်းခြင်း ရှိလိမ့်မည် မဟုတ်ပေ။ ယခုမူ အဖြစ်က ဆိုးရွားလှချေသည် တကား။

 

နာကြည်းရလေသူများ စာရင်း၌ မအေးမြသည် ထိပ်ဆုံးမှပါသည်။ သင်းကြောင့် သင်းကြောင့်ဟု စိတ်ထဲမှာ စွဲမှတ်မိနေသည်။ အကယ်၍ မအေးမြသည်သာ ယခုထက်ပို၍ မိမိအပေါ် အကြင်နာတရား ထားခဲ့မည်ဆိုလျှင် မိမိကိုယ်ကို မွေးစားသမီးဟု သိလာမည်မဟုတ်။ မန္တလေးမှ ထွက်ပြေးခဲ့ရခြင်းမျိုး ပေါ်ပေါက်လာမည်မထင်။ ယင်းသို့ဆိုလျှင် အငြိမ့်ထောင်ဆရာနှင့် တွေ့ရမည်မဟုတ်။ ဒေါ်ရေနံ့သာခင်ခင်ကြီးနှင့် ဆုံရမည်မဟုတ်။ တစ်ဆက်တည်းမှာလည်း မိမိ၏အတိတ်ဇာတ်ကြောင်းကို ရေလည်စွာ နားလည်ရဖို့ ဖြစ်ရပ်များ ဖြစ်ပျက်လာခြင်း မရှိနိုင်ပေ။ မိမိ၏ဖခင်မှာ ဦးကောင်းမိုးဟု ပြောလာမည့်သူ မရှိ။ မိခင်မှာ မခင်သန်းနွဲ့ဟု စွပ်စွဲလာမည့်သူ မပေါ်ပေါက်နိုင်။ မအေးမြ၏ ရက်စက်ခြင်းများကြောင့် တိမ်မြုပ် နေသော အတိတ်သည် ပေါ်ပေါက်လာရသည်။ သို့နှင့်အမျှလည်း ရင်ကွဲ၍ အသည်းနှလုံး ပျက်ကြွေ ရမည့်အဖြစ်တို့ ဖြစ်လာခဲ့သည်။ တစ်ခါတစ်ရံ အရွဲ့တိုက်လျက် မအေးမြအား မယ်မင်းကြီးမ ချမ်းသာပါစေဟု ဆုတောင်းချင်စိတ် ပေါ်ပေါက် လာမိတတ်လေသည်။

 

အနှစ် နှစ်ဆယ်ကျော်ပြီးမှ မိခင်ကို ပြန်တွေ့ကြသူချင်း အတူတူပင် ဖြစ်စေကာမူ မိမိနှင့်စာလျှင် နွယ်နွယ်ထွန်းမှာ များစွာကံကောင်းသည်ဟု နန်းကိန္နရီထင်သည်။ မည်သို့ပင်ဆိုစေကာမူ သူ့မှာက ဖခင်အုတ်ဂူကို ကြည့်နိုင်ဖို့ အခွင့်အရေးရသေးသည်။ အမေခေါ်စရာ ရှိသေးသည်။ မိမိမှာသည် အခွင့်အရေးလောက်ကိုပင် မရနိုင်ကြောင်း တွေ့ရသည်။ ထို့ကြောင့်ပင် နန်းကိန္နရီသည် လင်နှင့်သား အပေါ် ပိုမိုတွယ်တာမိခြင်း ဖြစ်နိုင်ကောင်းသည်။

 

“ဟေ့၊ ရီ”

 

မျိုးထွန်းသိန်းက အတွေးဖြင့် တွေတွေဝေဝေ ဖြစ်နေသော နန်းကိန္နရီကို ခေါ်သည်။ နန်းကိန္နရီသည် ထိုအခါကျမှ သတိပြန်ဝင်လာသလို “ဟင်၊ ဘာလဲမောင်” ဟု ထိတ်ထိတ်ပျာပျာ ဆိုနေမိသည်။

 

“ရီ့ကို မောင်ခေါ်နေတာ ဒါပါနဲ့ သုံးခွန်းရှိပြီ။ ဘာငိုင်နေတာလဲ”

 

“မကြားလို့ပါ” .

 

“မကြားရအောင် ရီနဲ့ မောင်နဲ့ကြားမှာ ဘာမှ မရှိဘူး။ နားနားကိုကပ်ပြီး ခေါ်တဲ့ဥစ္စာ”

 

“ရီ တွေးနေမိလို့ပါ။ ဘာပြောမလို့လဲဟင်”

 

“လာမယ့်တနင်္ဂနွေနေ့မှာ သား ခြောက်လပြည့် မယ်နော်”

 

“အင်းလေ”

 

“အဲဒီနေ့မှာ အထိမ်းအမှတ် တစ်ခုခုလုပ်ကြရ အောင်”

 

“ကောင်းသားပဲ။ ဘာလုပ်ချင်သလဲ”

 

“သူစိမ်းမပါဘဲ မောင်တို့မိသားစုတွေတင် စုပြီး အုန်းနို့ခေါက်ဆွဲ လုပ်စားကြရအောင်”

 

“ကောင်းပါတယ်။ မောင်လည်း အားမှာပဲမဟုတ် လား”

 

“ဒါဖြင့် အဲလစ်ဆီကို ဖုန်းဆက်ပြီးအကြောင်းကြားလိုက်မယ်။ စောစောက တွေ့ရဲ့သားနဲ့ မေ့သွားတယ်။ ဦးလေး ဦးကျော်ထွန်းတို့လည်း လာနိုင်လိမ့် မယ် ထင်ပါရဲ့”

 

မျိုးထွန်းသိန်းက တယ်လီဖုန်းကို ကောက်ကိုင်သည်။ နန်းကိန္နရီသည် ပုခက်ထဲမှ သားဖြစ်သူ၏ မျက်နှာကို စူးစိုက်ကြည့်သည်။ စိတ်ထဲမှ ပြောနေမိသည်။

 

“ဘာလိုလိုနဲ့ သားတောင် ခြောက်လပြည့်တော့မှာပါကလား”

 

[ ၄ ]

နွေ၏ အပြင်အလျာသည် ပီသလာလေသည်။ သူရူးနှယ် သိက္ခာမဲ့စွာ ဟိုမှသည်မှ ဝှေ့ယမ်းတိုက်ခတ် တတ်သည့် နွေဦးလေ၏ ဖြားယောင်းမှုကြောင့် သားငယ်ရွက်ဝါတို့သည် မိခင်အပင်ကို စွန့်ခွာသွား ကြလေသည်။ မိခင်သစ်ပင်၏ ရင်ခွင်မှာ ဟာလာ ဟင်းလင်း ဖြစ်ကျန်ခဲ့သည်။ အရိုးပြိုင်းပြိုင်း အကိုင်း သွယ်သွယ်တို့သည်သာလျှင် မိုးပြာပြာ၌ ထင်းထင်း ပေါ်နေသည်။

 

အညှာအတာကင်းစွာ တည့်မတ်ပူပြင်းစွာ ကျရောက်လာသည့် နေရောင်ကြောင့် ကတ္တရာလမ်း တို့မှာ အခိုးအငွေ့များ ဆူဝေလျှံတက်တော့မည့်နှယ် ရှိသည်။ တံလျှပ်တို့ တရှိန်ရှိန် ထနေသည်။

 

ရွက်ခြောက်များသည် ကတ္တရာလမ်းကို ဖြတ်ကျော်လိမ့်ပြေးကြသည်။ တစ်ခါတစ်ရံ ယင်းတို့ လိမ့်ပြေးသောအသံကြောင့် ဝန်းကျင်မှာ ဆူဆူညံညံ ဖြစ်ကျန်ရစ်သည်။ ရေငတ်နေသော စာဝတီးကလေးတို့သည် သစ်ကိုင်းခြောက်မှာ နားနေသည်။ တေးမသီ နိုင်ရှာဘဲ မောပန်းနွမ်းနယ်ဟန် ပြနေသည်။ တစ်ခါတစ်ရံ ရွက်ခြောက်များကို နင်းခြေရင်း ကတ္တရာလမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်သွားသည့် မော်တော်ကားသံကြောင့် သူတို့ လန့်ဖျပ်ပျံပြေးကြသည်။ ကားသံ ပျောက်ကွယ်သွားလျှင်မူ တစ်ဖန် လာ၍ နားနေတတ်ပြန်လေသည်။

 

ဒေါ်ခေမာသည် ကတ္တရာလမ်း ဟိုမှာဘက်မှ သည်မှာဘက်သို့ ဖြတ်ကူးခဲ့သည်။ လမ်းတစ်ဖက်သို့ ရောက်လျှင် အရိပ်ဝေဝေဆာဆာမရှိသော သစ်ပင် တစ်ပင်အောက်သို့ ဝင်ရောက်ရပ်နားကာ အပန်းဖြေ ရသေးသည်။

 

ပူတယ် လေ ဆယ်နေကဲ ဟူသည်မှာ ရန်ကုန်၏ နွေကာလကို ဆိုလိုလေသလားဟု မှတ်ထင်မိသည်။ အညာဒေသသည် ပူပြင်းသည် မှန်၏။ အညာ နေသည် ပူသည် မှန်၏။ သို့သော် ရန်ကုန်အပူနှင့် နှိုင်းစာ၍ မရစကောင်းထင်သည်။ အညာမှာ ပူသည် က တစ်မျိုး၊ ရန်ကုန်မှာပူသည်က တစ်မျိုးပင်။

 

ရန်ကုန်မှာ နေပူပြီဆိုလျှင် အညာဒေသအပူထက် ဆိုးသည်။ ကတ္တရာလမ်းတို့ ဆူဝေလာသည်။ ကတ္တရာငွေ့ပြန်လာသည်။ အထက်ကလည်းပူသည်၊ အောက်မှပြန်လာသော အငွေ့ကလည်း ပူသည်။ တစ်ပြိုင်နက် ပူပြင်းခြင်း နှစ်မျိုးကို ခံစားရတတ်သည်။ မျက်နှာကို အပူငွေ့ဟပ်ကာ မျက်လုံးများပင် ပြာဝေလာစေတတ်သည်။

 

ဒေါ်ခေမာသည် ခပ်လှမ်းလှမ်းသို့ လှမ်းကြည့် လိုက်သည်။

 

သွားရောက်ရမည့်နေရာကား မဝေးတော့ပြီ။ ပုဏ္ဍရိက်ပင်များကို အညီအညာ ရိတ်ဖြတ်လျက် ခြံစည်းရိုးပြုထားသော ခြံသုံးခြံအလွန်မှ ခြံပင်ဖြစ်သည်။ ယင်းခြံမှာ ပင်လယ်ကန်စွန်းပင်များကို စည်းရိုးပြုထားသည်။ ခရမ်းနုရောင် ပင်လယ် ကန်စွန်းပန်းများ ပွင့်နေသည်။ ယင်းတို့အထဲတွင် သော်ကကိုင်းများလည်း ရောနှော ပါဝင်နေရာ သော်ကပွင့် ရဲရဲတို့သည် ခရမ်းနုရောင် ပင်လယ် ကန်စွန်းပန်းများအကြား၌ ထင်းထင်းပေါ်နေသည်။ သည်ခြံမှတစ်ပါး အခြားမဖြစ်နိုင်သည်ကို သိနေသည်။ ဘတ်စ်ကားဖြင့် ဖြတ်ကျော်သွားရင်း အသေ အချာ မှတ်ထားခဲ့သည်။ သည်ခြံပါပဲ။ သည်အိမ်ပါပဲ။ မိမိသွားရောက်ရမည်မှာ သည်နေရာပါပဲ။ သည်မှာ သမီးလည်း ရှိသည်၊ သားမက်လည်း ရှိသည်။ ပြီးတော့ မြေးကလေးလည်း ရှိသည်။ တွေ့ချင် မြင်ချင်သူတွေ အားလုံးရှိကြသည်။

 

ဆက်လက်ဖော်ပြပါမည်။