ရေတာရှည် ၂၉ ဧပြီ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ကျန်းမာရေးနှင့်ညီညွှတ်ပြီး အန္တရာယ်ကင်းရှင်းသည့် မှိုစိုက်နည်းကို တောင်သူများတွင် ကျယ်ကျယ်အသုံးပြု၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးခြင်းအားဖြင့် မိသားစု အပိုဝင်ငွေရရှိရေးကို အထောက်အကူပြုစေရန်နှင့် လုပ်အားလိုအပ်ချက်နည်းပါး၍ အရင်းအနှီးအနည်းငယ်ဖြင့် အချိန်တိုတွင်း အကျိုးဖြစ်ထွန်းနိုင်သည့် နည်းပညာများကို ဖြန့်ဝေပေးခြင်းအားဖြင့် ကျေးလက်နေတောင်သူများ လူမှုအကျိုးစီးပွား အောင်မြင်ဖြစ်ထွန်းစေရန် ရည်ရွယ်လျက် မှိုမျိုးစုံစိုက်ပျိုးနည်း သင်တန်းဖွင့်ပွဲအား ယနေ့နံနက် ၉ နာရီအချိန်က ရေတာရှည်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးလှမြင့်က မှိုများ၏ သမိုင်းကြောင်း၊ မှိုအမျိုးမျိုးကို စီးပွားဖြစ်စိုက်ပျိုးခြင်းဖြင့် မိသားစုအလိုက်ဝင်ငွေ ရရှိနိုင်သည်သာမက စီးပွားရေး အကျိုးဖြစ်ထွန်းနိုင်မှုများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းနိုင်အောင်က ယနေ့တက်ရောက်လာသည့် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချလိုက်သော နည်းပညာများအား မိမိတို့အရပ်ဒေသများသို့ ပြန်လည်ရောက်ရှိသည့်အခါ အောင်အောင်မြင်မြင် လက်တွေ့ဆောင်ရွက်ကြခြင်းအပြင် အခြားသူများကို ပါနည်းပညာများဖြန့်ဝေပေးခြင်းဖြင့် တစ်ပိုင်တစ်နိုင်မှိုစိုက်ပျိုး လုပ်ငန်းများကိုများစွာ အထောက်အကူပြုနိုင်မည်ဖြစ်၍ ကြိုးစားသင်ယူကြရန် ပြောကြားသွားခဲ့သည်။
ယနေ့မှစ၍ မေ ၃ ရက်နေ့အထိ ဖွင့်လှစ်သည့် ၅ ရက်ကြာသင်တန်းသို့ တောင်ငူ၊ ရေတာရှည်၊ ထန်းတပင်၊ အုတ်တွင်း၊ ဖြူး၊ ကျောက်ကြီးမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၄၀ တက်ရောက် လျက်ရှိကြောင်း သိရသည်။
ကိုလွင်(ဆွာ)


