ရွှေတောင် ၂၄ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်၌ လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ အကျိုးခံစားခွင့် ငွေပေးအပ်ပွဲကို ဧပြီ ၂၃ ရက် မွန်းလွဲပိုင်းက အမှတ်(၁) အထည်စက်ရုံ အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ရာတွင် ရွှေတောင်မြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အမှတ်(၁) အထည်စက်ရုံမှ အာမခံအလုပ်သမား ဦးသိန်းရွှေသည် လုပ်ငန်းခွင်ပြင်ပ ထိခိုက်သေဆုံးခဲ့မှုအတွက် ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေအရ ငွေကြေးအကျိုးခံစားခွင့် ပေးအပ်ခြင်းဖြစ်ပြီး အကျိုးခံစားခွင့် ငွေကျပ် ၅၄ သိန်းကို မိခင်ဖြစ်သူ ဒေါ်မမေထံသို့ ပေးအပ်ခဲ့သည်။
အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး လူမှုဖူလုံရေး(တိုင်းရုံး) တိုင်းဒေသကြီးတာဝန်ခံ ဒေါ်ကေသီခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အကျိုးခံစားခွင့် လက်ခံရရှိသည့် အာမခံမိသားစု၏ကိုယ်စား ရပ်မိရပ်ဖ ဦးသောင်းထွန်းနှင့် အလုပ်ဌာနများကိုယ်စား အမှတ်(၁) အထည်စက်ရုံမှ စက်ရုံမှူး ဦးရွှေကိုတို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ကိုကိုမင်း(ပြန်/ဆက်)


