မိုးညှင်း ၂၇ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၊ အင်းကုန်ကျေးရွာအုပ်စု၊ ဘုံချောင်းကျေးရွာရှိ ရွှေတောင်တောရကမ္မဌာန်းကျောင်းတွင် တည်ဆောက်ပြီးစီးခဲ့သည့် (160 KV) ထရန်စဖော်မာ လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့ နံနက် (၉)နာရီတွင်အဆိုပါ ကျောင်းမုခ်ဦး၌ ကျင်းပသည်။
ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းစိန်လင်း၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဌာန ဝန်ကြီး ဦးဒိတ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေနိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်တို့က (160 KV)ထရန်စဖော်မာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ရွှေတောင်တောရကမ္မဌာန်းကျောင်းသည် ဘုံချောင်းကျေးရွာနှင့် (၁)မိုင်ခန့်ကွာဝေးပြီး လျှပ်စစ်မီးအခက်အခဲ ရှိသည့်အတွက် စေတနာရှင် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေများဖြင့် (160 KV)ထရန်စဖော်မာကို ကျောင်းဝန်းအတွင်း တည်ဆောက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ တိုင်းရင်းသားရေးရာဝန်ကြီးများနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရွှေတောင်တောရ ကမ္မဌာန်းကျောင်း ဓမ္မဂုဏ်ရည်ဆရာတော် ဘဒ္ဒန္တဩဘာသမထေရ်ထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဝန်ကြီး ဦးစိုင်းစိန်လင်းက သာသနာရေးရာများ လျှောက်ထား၍ ဆရာတော်ထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကာ ဆရာတော်ထံမှ ရေစက်ချတရားတော်များ နာယူခဲ့ကြကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


