မန္တလေး ၄ မတ်

 

စည်းကမ်းမလိုက်နာသည့် ရေယာဉ်များအား တရားစွဲထားရာ အမှုပေါင်း ၃၄ မှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

ဧရာဝတီမြစ်အတွင်း စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ ရေယာဉ်မောင်းနှင်ရာတွင် ကျွမ်းကျင်မှုလိုင်စင် မရှိဘဲ မောင်းနှင်ခြင်း၊ လိုင်စင်မဲ့ရေယာဉ်များ၊ ရေယာဉ်ကြံ့ခိုင်မှုကို တက်မထိန်းစနစ်၊ အင်ဂျင်ပိုင်းဆိုင်ရာစနစ် သတ်မှတ်ချက် တွေအတိုင်း ရှိ မရှိ၊ မီးသတ်ဆေးဘူး သက်ကယ်အင်္ကျီပါ မပါ၊ ရေယာဉ်မောင်းများ အရက်သေစာ သောက်စားထားခြင်း ရှိ မရှိ၊ ခရီးသည်တွေအနေဖြင့် ခေါင်မိုးပေါ်က လိုက်ပါမစီးရဆိုတဲ့ နေရာမျိုးမှာ မစီးကြရန်နှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်သည့် ရေယာဉ်များအား အမှုဖွင့်အရေးယူကာ တရားစွဲဆိုထားကြောင်း သိရသည်။

 

“ပြီးခဲ့တဲ့နှစ်က ပုဂံ-ညောင်ဦးဘက်မှာ ရေယာဉ်တိုက်မှုဖြစ်ရာက ခရီးသည်တစ်ဦး အသက်ဆုံးရှုံးမှုရှိခဲ့တယ်။ သတ်မှတ် ရေယာဉ်အုပ် မဟုတ်ဘဲနဲ့ တခြားသူက မောင်းတာကြောင့် ပုဒ်မတစ်ခု၊ ခရီးသည်ရေယာဉ်တွေမှာ ဆောင်ထားရမယ့် သက်ကယ်အင်္ကျီတွေ မပါလို့၊ ရေယာဉ်မှာ သတ်မှတ်ခရီးသည်ထက် ပိုပြီးတင်ဆောင်လို့ စတဲ့ စည်းကမ်းနဲ့ မညီတာတွေကြောင့် တရားစွဲဆိုထားတာ” ဟု မန္တလေးတိုင်းဒေသကြီး ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာန ဦးစီးမှူး ဦးသန့်စင်ဦးက ပြောသည်။

 

ရေယာဉ်များ စည်းကမ်းလိုက်နာရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်နေပြီး ၂၀၁၈ အောက်တိုဘာလထိ စည်းကမ်းမလိုက်နာသည့် ရေယာဉ် စုစုပေါင်း ၃၄ မှုကို တရားစွဲဆို အရေးယူထားကြောင်း သိရသည်။ 

 

ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနအနေဖြင့် ရှောင်တခင် စစ်ဆေးမှုများ၊ ၂၀၁၇ ခုနှစ်က စတင်ပြီး လိုင်စင်မဲ့ရေယာဉ်များ ပပျောက်ရေးစီမံချက်ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး စစ်ဆေးတွေ့ရှိတဲ့ ရေယာဉ်တွေကို တရားစွဲဆိုထားပြီး မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၁၄ မှ ၂၀၁၇ ထိ ခွင့်ပြုထားသည့် ရေယာဉ်စီးရေ ၁၁၅ စီး၊ ရေယာဉ်အသင်း ၃၇ သင်းရှိကြောင်း သိရသည်။

 

အိမို့မို့ခိုင်