စစ်တွေ  ၇  မတ် 


၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ရခိုင်ပြည်နယ်ရှိ ကျေးရွာပေါင်း (၁၄၁)ရွာ၌ ကျေးရွာ ဖွံ့ဖြိုးရေး စီမံချက် လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်က ငွေကျပ် သန်း(၁၄၁၀) ထောက်ပံ့ ပေးခဲ့ကြောင်း ရခိုင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။


ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝ တိုးတက်လာစေရန် ကျေးရွာဖွံ့ဖြိုးရေး စီမံချက် (Village Development Plan) ရေးဆွဲခြင်းကို ရခိုင်ပြည်နယ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မှ ၂၀၁၈ ခုနှစ် (၆)လ ဘတ်ဂျက်အထိ ကျေးရွာ (၄၉၁) ရွာတွင် စီမံချက်ရေးဆွဲခဲ့ပြီး ကျေးရွာ(၁၁၄)ရွာတွင် အကောင်အထည်ဖော်ခဲ့သည်။ 


ယခု ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၇၂)ရွာ၌ စီမံချက်ထပ်မံရေးဆွဲပြီး ကျေးရွာ(၁) ရွာလျှင် ငွေကျပ်(၁၀)သန်း နှုန်းဖြင့် ကျေးရွာ(၁၄၁)ရွာအတွက် နိုင်ငံတော်က ငွေကျပ် (၁၄၁၀) သန်းဖြင့်  ကျေးရွာဖွံ့ဖြိုးရေး စီမံချက် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။


“ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်တဲ့အတွက် ကျေးရွာလူထု ပူးပေါင်းပါဝင်မှု အားကောင်းစေပြီး ကျေးရွာအတွက် ဦးစားပေးဖွံ့ဖြိုးရေး လုပ်ငန်းတွေကို အစီအစဉ်တကျ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျေးရွာပြည်သူတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီပြီး ကဏ္ဍပေါင်းစုံ ပါဝင်တဲ့ ကျေးရွာဖွံ့ဖြိုးရေး စီမံချက် ရေးဆွဲဆောင်ရွက်ပြီးသားလည်း ဖြစ်စေပါတယ်” ဟု ရခိုင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။


စီမံကိန်းပါ ဦးစားပေးလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် နိုင်ငံတော် ထောက်ပံ့ငွေ၊ ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်း၊ ကျောက်ချောလမ်းခင်းခြင်း၊ ဆိပ်ခံတံတား၊ ကွန်ကရစ်တံတား တည်ဆောက်ခြင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်း၊ စိမ့်စမ်းရေသွယ်ခြင်း၊ ရေတားတမံ တည်ဆောက်ခြင်း၊ အမြင့်တင်ရေစင် တည်ဆောက်ခြင်းနှင့်ကျေးရွာအတွက် အကျိုးဖြစ်ထွန်းစေမည့် ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက နည်းပညာပံ့ပိုးပြီး ကျေးရွာကော်မတီများ ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲ ဆောင်ရွက်ခြင်းသည် ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိ လိုအပ်ချက်များကို ဖော်ထုတ်၍ ဦးစားပေးအစီအစဉ်အလိုက် နှစ်စဉ်ရန်ပုံငွေများလျာထားပြီး စီမံချက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်နှင့် ကျေးရွာအလိုက်စီမံချက် လုပ်ငန်းများကို မြို့နယ် အဆင့်ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ကြောင်း သိရသည်။ 


(ဟန်လင်းထက်)