စစ်တွေ ၈ မေ 

 


ငပလီကမ်းခြေ၌ ကျင်းပခဲ့သော Rakhine State Investment Fair တွင် ထိုင်းနိုင်ငံ IBERD အဖွဲ့အစည်းနှင့် လက်မှတ်ရေးထိုးခဲ့သည့် Project Proposal ၏ နောက်ဆက်တွဲလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ခြင်းအနေဖြင့် ရခိုင်ပြည်နယ် ငါး၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုတေသနဆောင်ရွက်ခြင်းနှင့် သင်တန်းဖွင့်လှစ်ပို့ချခြင်းကို ယနေ့နံနက် ၈ နာရီခွဲတွင် စစ်တွေဟိုတယ်ခန်းမ၌ ကျင်းပသည်။

 

ို္

 

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ယခုဖွင့်လှစ်သည့်သင်တန်းသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ထိုင်းနိုင်ငံ IBERD အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပြည်နယ်အတွင်း ငါး၊ ပုစွန်မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများပေးခြင်း၊ ပြည်နယ်နှင့် သင့်လျော်ကိုက်ညီသည့်ပုံစံ မွေးမြူရေးဖြစ်ထွန်းလာစေရန် သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ၎င်းပုံစံသစ်ကို အလားအလာရှိသည့် ဒေသများမှာ လက်တွေ့သင်တန်းများပို့ချခြင်းနှင့် ဒေသခံများ Farming စနစ်ဆောင်ရွက်ရန် မွေးမြူရေး လုပ်ငန်းများအပေါ် ကြီးကြပ်အကဲဖြတ်ခြင်း စသည့် အဆင့်လေးဆင့်ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ယခုအခါ ခေတ်နောက်ကျနေသည့် ရေငန်ပုစွန် မွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်း စနစ်များအသုံးချပြီး မိရိုးဖလာနည်းစနစ်များမှ ပြောင်းလဲဆောင်ရွက်ကြရန် လိုအပ်လာပြီဖြစ်ကြောင်း၊ တက်ရောက်လာကြသော ပုစွန်မွေးမြူရေးလုပ်ငန်းရှင်များကလည်း ရရှိပြီးသား အတွေ့အကြုံများ၊ အခက်အခဲများကို ပွင့်ပွင့်လင်းလင်းဆွေးနွေးပြီး သင်တန်းမှရရှိသော ပညာရပ်များ၊ သင်ခန်းစာများနှင့်အတွေ့အကြုံများကို အသုံးချပြီးပြည်နယ်၏ ငါး၊ ပုစွန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးမှာ အားသွန်ခွန်စိုက် ကြိုးစားကြစေလိုကြောင်းနှင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် IBERD မှ အုပ်ချုပ်မှုဒါရိုက်တာ Mrs. Natee Chuansanit က သင်တန်းဖွင့်လှစ် ပို့ချရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

 


သင်တန်းသို့ ရခိုင်ပြည်နယ်အတွင်းရှိ ငါးလုပ်ငန်းဦးစီးဌာနများမှ မြို့နယ်ဦးစီးမှူးများနှင့် ပုစွန်မွေး မြူရေးလုပ်ငန်းရှင် (၇၀) တက်ရောက်ကြပြီး ထိုင်းနိုင်ငံ IBERD အဖွဲ့အစည်းမှ မွေးမြူရေး ပညာရှင်များက စာတွေ့လက်တွေ့ ၃ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

 


တင်ထွန်း(ပြန်/ဆက်)