နေပြည်တော် ၂၉ ဧပြီ 

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ရေးရာကော်မတီဆောင် I- 20 ၌ ကျင်းပသည်။

အစည်းအဝေးတွင် ကော်မတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ၏ ပထမအကြိမ်ခရီးစဉ်တွင် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်စစ်တွေမြို့တို့၌ ရခိုင်တိုင်းရင်းသား လူ့အဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံနိုင်ခဲ့ပါကြောင်း၊ ထိုသို့တွေ့ဆုံရာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ ဖြေလျော့နိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးနိုင်ခဲ့ပါကြောင်း၊ ယင်းဆွေးနွေးချက်များတွင်  ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများဖြေလျော့နိုင်ရေးနှင့် ပတ်သက်၍ အထောက်အကူပြုနိုင်မည့် အကြံပြုချက်များ၊ တင်ပြချက်များကို တွေ့ရပါကြောင်း၊ ကော်မတီအနေဖြင့် စစ်တွေမြို့တွင် အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပြီး သံဃတော်များထံမှ သြဝါဒခံယူခဲ့ပါကြောင်း။

တွေ့ဆုံမှုများမှ ရရှိလာသည့် အကြံပြုချက်၊ တင်ပြချက်များသည် ကော်မတီအတွက်သော် လည်းကောင်း၊ နိုင်ငံတော်အစိုးရအတွက်သော် လည်းကောင်း များစွာအကျိုးရှိသည့် အချက်များပါဝင်သည်ကို တွေ့ရပါကြောင်း၊ ဒုတိယအကြိမ် ခရီးစဉ် သွားရောက်သည့်အခါတွင် ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ယခုတက်ရောက်လာကြသူများအနေဖြင့် ပထမအကြိမ်ခရီးစဉ်နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဒုတိယ ဥက္ကဋ္ဌများဖြစ်ကြသည့်  ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဒုတိယဝန်ကြီး ဦးတင်မြင့်၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦဇော်အေးမောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ် အောင်နိုင်သူ၊ ဦးညီလှငယ်တို့က ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများ လျှော့ချနိုင်ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးသွားရေး၊  လတ်တလောလိုအပ်ချက်နှင့် မိုးမကျမီ ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ လက်ရှိ ရခိုင်ပြည်အခြေအနေနှင့် အကြိမ်ကြိမ် ကွင်းဆင်းလေ့လာဆောင်ရွက်ရေး၊ တွေ့ဆုံသင့်သူများ တွေ့ဆုံဆွေးနွေးရေး၊ ရေတို၊ ရေရှည် ဆောင်ရွက်သင့်သည့် အချက်များ နည်းလမ်းရှာကြံရေးတို့နှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးကြသည်။ 

(သတင်းစဉ်)