ရခိုင် ဇူလိုင် ၁၁

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်၊ ဦးမြင့်ဦးနှင့် ဦးမြင့်သိန်း တို့သည်  ရခိုင်ပြည်နယ်တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ၂၀၂၃ ခုနှစ် မေလတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော ရခိုင့်ဦးဆောင် ပါတီ၊ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊ မြိုတိုင်းရင်းသားပါတီ၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီနှင့် ဇူလိုင်လတွင် မှတ်ပုံတင်ခွင့်ရရှိပြီးသော မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီတို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကိုယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကို စစ်ဆေးသည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရခိုင်ပြည်နယ်တာဝန်ခံ ဦးအောင်မိုးမြင့်က မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ထုတ်ပြန်ထားရှိသော နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်၊ ဥပဒေအရ  သတ်မှတ်ထားသည့်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခွင့်ပြုမိန့် ကျပြီးနောက် ရက်ပေါင်း (၉၀) အတွင်း စုစည်းရမည့်ပါတီဝင်အင်အား ပြည့်မီအောင်စုဆောင်းရေးနှင့် ရက်ပေါင်း (၁၈၀) အတွင်း ဖွင့်လှစ်ရမည့် နိုင်ငံရေးပါတီများ၏ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရေးနှင့် ဖွင့်လှစ်ရာတွင်လည်း သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့မှ ခွင့်ပြုချက်တောင်းခံဆောင်ရွက်ရန်၊ မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများကို မြို့နယ်ရုံးများဖွင့်လှစ်ပြီးပါက မြို့နယ်ပါတီရုံးဖွဲ့စည်းမှုများကို စနစ်တကျ ဖွဲ့စည်းပုံနှင့် တာဝန်ပေးထားရန်၊ နိုင်ငံရေးပါတီများရှိ ပါတီဝင်များတွင် ယခင်သုံးခေါက်ချိုး အမျိုးသားမှတ်ပုံတင်များကို နိုင်ငံသားစိစစ်ရေးကတ်ပြားများဖြင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတွင် သွားရောက်လဲလှယ်နိုင်ရေး ဆောင်ရွက်သွားရန်၊ မြို့နယ်ပါတီရုံးများ ဖွင့်လှစ်ပြီးပါက ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စာရင်းစစ်ဌာနတို့မှ ပူးပေါင်းပြီး စစ်ဆေးရန်ရှိသဖြင့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရန် မှာကြားရာ သက်ဆိုင်ရာနိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းတင်ပြကြသည်။

ရခိုင်ပြည်နယ်အတွင်း အခြေစိုက်သည့် ရခိုင့်ဦးဆောင်ပါတီဌာနချုပ်သည် စစ်တွေမြို့ မင်းဂံ ရပ်ကွက် မင်းစောမွန်လမ်း အိမ်အမှတ် (၁/ဃ/၁) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှ ကြေညာချက်အမှတ် (၁၁/၂၀၂၃) ဖြင့်လည်းကောင်း၊ ရခိုင်ပြည်နယ်အမျိုးသား အင်အားစု ပါတီဌာနချုပ်သည် သံတွဲမြို့နယ်၊ (၈) ရပ်ကွက် (၅) လမ်းအမှတ် (၂၅၄) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၄/၂၀၂၃) ဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားပါတီဌာနချုပ်သည် ဘူးသီးတောင်မြို့ သပြေကုန်း အမှတ် (၄) ရပ်ကွက် အိမ်အမှတ် (၂၄၅) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၁၆/၂၀၂၃) ဖြင့်လည်းကောင်း၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီဌာနချုပ်သည် စစ်တွေမြို့ အကွက် (၁) ဆင်ကူးလမ်း အမှတ် (၁၁၄) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက် အမှတ် (၁၈/၂၀၂၃) ဖြင့်လည်းကောင်း၊ မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီဌာနချုပ်သည် ကျောက်တော် မြို့၊ အထကကျောင်းရှေ့ ပြည်တော်သာရပ်ကွက် စာတိုက်လမ်း အမှတ် (၂၀၂) တွင်တည်ရှိပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြေညာချက်အမှတ် (၃၇/၂၀၂၃) ဖြင့်လည်းကောင်း နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ (၉) နှင့်အညီ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ရရှိခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်