နေပြည်တော်   ဇွန်  ၁၀

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဆိုင်ကလုန်းမုန်တိုင်းမိုခါ တိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေသများကို သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၁၁ အရ သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသများအဖြစ်  ကြေညာချက်များထုတ်ပြန်၍ ယင်းကြေညာချက်များပါ ဒေသများတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန် ဒေသအလိုက် တပ်မတော်အရာရှိကြီးများကို ခန့်အပ်တာဝန်ပေးထားပြီးဖြစ်သည်။

 

ထိုသို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ခန့်အပ်တာဝန်ပေးအပ်ထားရှိရာ ယနေ့တွင် ကျောက်ဖြူမြို့သို့ ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး လူအေးသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အတွင်း/အပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေခြင်းနှင့်    မြို့အဝင်ကားလမ်းတစ်လျှောက်   အုန်းပင်စိုက်ပျိုးနိုင်ရေးအတွက် စုပေါင်းမြေနေရာ ရှင်းလင်း ဆောင်ရွက်နေခြင်းတို့ကို     ကြည့်ရှုအားပေးသည်။  ယင်းနောက်  မုန်တိုင်းသင့်ပြည်သူများအား  ကြက်သား၊ ကြက်ဥ၊  ဘဲဥနှင့်  ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေမှုကို  ကြည့်ရှု အားပေးသည်။

 

အလားတူ ရသေ့တောင်မြို့သို့    ရောက်ရှိနေသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ   ဗိုလ်ချုပ် အောင်မျိုးထွန်းသည်    မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဂိုဒေါင်ရှေ့၌ မုန်တိုင်းသင့်ပြည်သူများအား အမိုးသွပ်၊ တာပေါ်လင်လိပ်၊ ဆန်နှင့် စားသောက်ဖွယ် ရာပစ္စည်းများအား ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ထို့နောက် ရသေ့တောင်မြို့ရှိ  ဘုန်းတော်ကြီးကျောင်းများအတွက် ပြန်လည်ပြုပြင် ရန်လိုအပ်သော အမိုးသွပ်၊ တာပေါ်လင် လိပ်များနှင့် ဆွမ်းဆန်များအား  ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်