စစ်တွေ ၃ မေ
ရခိုင်ပြည်နယ်၌ (၂၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာ ပန်းချီ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က အထိမ်းအမှတ်ပြိုင်ပွဲကျင်းပရခြင်းမှာ လူငယ်များ အသိတရားများရရှိပြီး မူးယစ်ဆေးဝါး အန္တရာယ် ရှောင်ရှားနိုင်ရန် ကျင်းပခြင်းဖြစ်ကြောင်း၊ ထို့အပြင် ပြိုင်ပွဲများတွင် အခြေခံပညာအဆင့်မှ ကျောင်းသား၊ ကျောင်းသူများနှင့် အဆင့်မြင့်ပညာအဆင့်မှကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့်ဆုရကျောင်းသား၊ ကျောင်းသူများအား ယခင်နှစ်များနည်းတူ ဆုများ ထိုက်ထိုက်တန်တန် ချီးမြှင့်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ကူညီဆောင်ရွက် မည်ဖြစ်ကြောင်း၊
(၂၂) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားကို ယခင်နှစ်များထက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး သက်ဆိုင်ရာ ဌာနများအချင်းချင်း ပူးပေါင်းဆောင်ရွက်ကြရန် မှာကြားသည်။
ထို့နောက်မူးယစ် တပ်ဖွဲ့စု(၄၇)မှ ရဲမှူး ဝင်းနိုင်က ပြိုင်ပွဲများနှင့် အခမ်းအနားကျင်းပမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ရခိုင်ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ဖြည့်စွက်ဆွေးနွေး တင်ပြသည်။
ယင်းနောက် တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့်ပြည်နယ် ပညာရေးမှူးရုံးမှ ဆရာကြီးများက ပြိုင်ပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ယခင်နှစ် ဆောင်ရွက်ခဲ့သော အားသာချက်၊ အားနည်းချက်များနှင့် ယခုနှစ်တွင် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြကြပြီး ပြည်နယ်အဆင့် ဌာနဆိုင်ရာများက ဖြည့်စွက်ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)


