စစ်တွေ နိုဝင်ဘာ ၆
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ လောကာနန္ဒာ စေတီတော်မြတ်ကြီး ပရိဝုဏ် အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ကြသည်။
တက်ရောက်
ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က မူလဗိသုကာဒီဇိုင်း အတိုင်း စနစ်တကျ စေတနာထား ဆောင်ရွက်သွားကြရန် မှာကြားကာ လိုအပ်သည်များကိုပေါင်းစပ် ညှိနှိုင်းပေးပြီး လုပ်ငန်းသုံး ပစ္စည်းများ ရောက်ရှိနေမှုနှင့် သာသနာ့ ဗိမာန်တော်ကြီး အကြီးစား ပြုပြင်မွမ်းမံနေမှု တို့ကို လှည့်လည်ကြည့်ရှုသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ မွန်းလွဲပိုင်းကလည်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်၏ အဓိက လုပ်ငန်းများဖြစ်ကြသည့် ရေထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အအေးခန်း၊ စည်သွတ်နှင့် ထုပ်ပိုး စက်ရုံများ၊ စပါး၊ ပြောင်း၊ ပဲ၊ ငရုတ်၊ ချင်း၊ နနွင်း၊ ဟင်းသီးဟင်းရွက် စသည့် အဓိက စိုက်ပျိုးသီးနှံများနှင့် ကြံ၊ ရော်ဘာ၊ သီဟိုဠ် စိုက်ပျိုး ရေးလုပ်ငန်းများ၊ ကျွဲ၊ နွား၊ ကြက်၊ ငါး၊ ပုစွန်နှင့် ကဏန်း စသည့်တို့ကို စီးပွားဖြစ် မွေးမြူခြင်း၊ ဆား ထုတ်လုပ်ခြင်းလုပ်ငန်းတို့အပြင် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများသည် ရခိုင်ပြည်နယ်အတွင်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြုမိန့်ပါ ပြောင်းလဲခွင့်ပြုရန် တင်ပြလာမှုနှင့် ပြင်ဆင်မှု ကာလ တိုးမြှင့်ပေးရန်တင်ပြလာမှုကို တက်ရောက်လာသူများ အနေဖြင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေး ပေးကြစေလိုကြောင်းနှင့် မိမိတို့ ကော်မတီအနေဖြင့်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နည်းလမ်းကျန မှန်ကန်စွာ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အတည်ပြုရန် တင်ပြလာမှုကို ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များအပေါ် အကြံပြုဆွေးနွေး တင်ပြကြရာ အကြံပြုဆွေးနွေး ချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားသည်။
တင်ထွန်း (ပြန်/ဆက်)


