စစ်တွေ ဇူလိုင် ၇
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ဒုတိယဝန်ကြီးများ၊ ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရသေ့တောင် မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ စက်မှုလယ်ယာဦးစီးဌာနက မိုးစပါးစိုက်ပျိုးနိုင်ရန်အတွက် ထွန်စက်များဖြင့် ထွန်ယက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးဦးစီးဌာနက မိုခါမုန်တိုင်းဘေးသင့် တောင်သူများအား မျိုးစပါးနှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့ဆိပ်ခံ တံတားသို့ရောက်ရှိပြီး နိုင်ငံတော်ကပေးပို့သည့် မျိုးစပါးများနှင့် ကူညီကယ်ဆယ်ရေးပစ္စည်းများ ကို အချိန်မီဖြန့်ဖြူးနိုင်ရန် ကုလားတန်သင်္ဘောပေါ်မှ အတင်အချ ပြုလုပ်ပေးနေသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ တပ်ဖွဲ့ဝင်များ အတွက် သီးစုံဒံပေါက်များပေးအပ်သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ကျောင်းတက်ရောက်နေမှု၊ ကျောင်းအဆောက်အဦများ ပြုပြင်ပြီးစီး နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ကျောင်းအတွက်လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့နယ် ခနောင်းကြီးကျေးရွာ၌ စက်မှုလယ်ယာဦးစီး ဌာနက ထွန်စက်များဖြင့် မိုးစပါးစုပေါင်းထွန်ယက်ကွင်းသရုပ်ပြပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး တက်ရောက် လာကြသည့်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ မုန်တိုင်းဒဏ်ထိခိုက်မှုများသည့်နေရာများတွင် လယ်ထွန်စက် များအသုံးပြု၍ တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရန် စီမံဆောင်ရွက်ပေးနေမှု၊ အထွက်နှုန်း အလွန်ကောင်းသော မျိုးစပါးများ ဖြန့်ဝေပေးနေမှု၊ လိုအပ်သောနည်းပညာများကို စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်းကာ စနစ်တကျ စိုက်ပျိုးနိုင်ရေးတို့ကို ရှင်းလင်းဆွေးနွေးပြောကြား၍ တောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ သဘာဝမြေဩဇာ(EN) ဘိုကာရှီပြုလုပ်ထားမှုများကို ကြည့်ရှုပြီး တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရေးအသိပညာပေး စည်းရုံးဆောင်ရွက်သွားကြရန် မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၁)အခြေခံပညာအထက်ကျောင်း၌ ကျောင်းသား ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုဆောင်းထိုးနှံနေမှုကို ကြည့်ရှု အားပေးပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် သီးစုံဒံပေါက်များပေးအပ်ကာ ကျောင်းအတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြီးစီး နေမှုကို ကြည့်ရှုကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့ အလိုတော်ပြည့် ဘုန်းတော်ကြီးကျောင်းတိုက်သို့ ရောက်ရှိပြီး သာသနိကအဆောက်အဦများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ကျောင်းတိုက်အတွင်း သန့်ရှင်းသာယာရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုပြီး စေတီယင်္ဂဏ(ဂူဝ) ဘုန်းတော်ကြီး ကျောင်းတိုက်ဆရာတော်အား သွားရောက်ဖူးမြော်၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ ကျောင်းတိုက် ဓမ္မာရုံ၌ စစ်တွေမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေ ရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ဒေသခံပြည်သူ များအား ကွင်းဆင်းဆေးကုသနေမှုကို ကြည့်ရှုအားပေးကြကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ မိုခါမုန်တိုင်းဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ပြီးစီးနေမှုနှင့် ပြုပြင်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရသေ့တောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည့် မိုခါမုန်တိုင်းဘေးသင့် တောင်သူများအား မျိုးစပါး၊ ဟင်းသီးဟင်းရွက် မျိုးစေ့များနှင့် ရေသန့်စက်ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်သူများနှင့် ကျေးရွာ သူ ကျေးရွာသားများအား မျိုးစပါးများ၊ ဟင်းသီး ဟင်းရွက်မျိုးစေ့များနှင့် ရေသန့်စက်တို့ကို ထောက်ပံ့ပေးအပ်ပြီး အခမ်းအနား သို့ တက်ရောက်လာကြသူများကို ရင်းရင်း နှီးနှီး နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရသေ့တောင်မြို့ ဆိပ်ခံတံတား၌ နိုင်ငံတော်က ပေးပို့ သည့် မျိုးစပါးများကို တောင်သူများ ထံ အချိန်မီဖြန့်ဖြူးနိုင်ရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ကုလားတန် သင်္ဘောပေါ်မှ တင်ချသယ်ယူနေမှု ကို ကြည့်ရှုအားပေးပြီး တပ်ဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်


