ရမည်းသင်း နိုဝင်ဘာ ၉
ရမည်းသင်းမြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သင်းရတနာခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ် ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပသည်။
ဆွေးနွေးပွဲသို့ ရမည်းသင်းခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များ၊ ရမည်းသင်းမြို့နယ်ရှိ တောင်သူများ၊ စိုက်ပျိုးရေးပစ္စည်း ရောင်းချသည့် လုပ်ငန်းရှင်များ၊ စိုက်ပျိုးရေးထွက်ကုန် ဝယ်ယူကြိတ်ခွဲသည့် လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ရမည်းသင်းခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိန်မြင့်က အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန ရမည်းသင်းခရိုင် ဦးစီးမှူး ဦးအောင်မျိုးဝေက ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး သီးနှံကာကွယ်ရေးတာဝန်ခံ ဒေါ်သင်းသင်းထက်က ပြည်ပပို့ကုန် သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေးဓာတ်ကြွင်း ကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် ဆောင်ရွက်ရမည့်အချက်များ၊ တိုင်းဒေသကြီး မြေအသုံးချရေးတာဝန်ခံ ဒေါ်သင်းသင်းချိုက မြေဆီလွှာစီမံခန့်ခွဲမှု နည်းလမ်းများနှင့် ဓာတ်မြေဩဇာ စနစ်တကျ အသုံးပြုနည်းများ၊ တိုင်းဒေသကြီး မျိုးစေ့တာဝန်ခံ ဒေါ်မင်းမင်းသွင်က ပန်းတိုင်အထွက်နှုန်း ရရှိစေရေးအတွက် မျိုးကောင်းမျိုးသန့်သုံးစွဲရေးတို့ကို ဆွေးနွေးပြီး တက်ရောက်လာသူများ၏ သိလိုသည်များ ဆွေးနွေးမှုအပေါ် ပြန်လည်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


