ကွမ်းလုံ ၇ မတ်
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဍ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများက ကွမ်းလုံမြို့နယ် ပြည်သူလူထု တွေ့ဆုံပွဲကို မတ်လ ၆ ရက် မွန်းလွဲ ၄ နာရီတွင် သံလွင်ဦးခန်းမ၌ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့များသည် ကွမ်းလုံကြိုးတံတား၏ ကြံ့ခိုင်မှုနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြပြီး လိုအပ်သည်များကို မှာကြား ဆောင်ရွက်ခဲ့သည်။
ဆက်လက်ပြီး သံလွင်ဦးခန်းမ၌ ဌာနဆိုင်ရာများနှင့် ပြည်သူလူထုများ တွေ့ဆုံရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဍ်က “ ရှမ်းပြည်နယ် (မြောက်ပိုင်း) ခရီးစဉ်၏ ၅ ရက်မြောက်နေ့အဖြစ် ကွမ်းလုံမြို့နယ်ကို ရောက်ရှိလာခြင်း ဖြစ်ကြောင်း၊ ရောက်ရှိလာသည့် ရည်ရွယ်ချက်ကတော့ ဌာနဆိုင်ရာအဖွဲ့ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံပြီး လူထုတို့၏ ဆန္ဒ၊ အသံ၊ တွေ့ကြုံနေရတဲ့ အခက်အခဲများ ဆွေးနွေးကြသည်ကို နားထောင်ပြီး ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဖြည့်ဆည်းဆောင်ရွက်ပေးရန် ဖြစ်ကြောင်း၊ ယနေ့မှာပဲ ချက်ချင်းဖြေရှင်း ပေးနိုင်မည့် အခက်အခဲများကို ချက်ချင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆက်လက်ပြီး လုပ်ငန်းစဉ်များဖြင့် ဆောင်ရွက်ဖြေရှင်း ရမည့်ကိစ္စများကိုလည်း ဆက်လက်ဆောင်ရွက် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဆင့် သာမက ပြည်ထောင်စုအစိုးရအဆင့်သို့ ဆက်လက်တင်ပြဖြေရှင်းပေးရမည့် အခက်အခဲများရှိလျင်လည်း ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ ဒါကြောင့် ပြည်သူလူများ၏ လိုအပ်ချက်ဆန္ဒများ၊ တွေ့ကြုံနေရသည့်အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါ” ဟု အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအီနွယ်လှိုင်ပူမှ “နယ်မြေဒေသအခြေအနေများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ စီမံကိန်းရာထားချက်များနှင့် ခရီးစဉ်ညွှန်ကြားချက်များအပေါ် လိုက်နာ ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ကွမ်းလုံမြို့နယ် တိုးချဲ့ရေးကိစ္စများ၊ သုသာန်မြေ၊ အမှိုက်စွန့်ပစ်ရန်မြေ နေရာများနှင့် ဌာနဆိုင်ရာရုံး မြေနေရာများအတွက် သစ်တောမြေမှ စွန့်လွတ်ခွင့်ရရှိရေး၊ ဒေသအစီအစဉ်ဖြင့် ဆောင်ရွက်မည့် မြေမှ ကတ္တရာခင်းကျင်းခြင်းလုပ်ငန်း ပေ(၈၀ဝ)အတွက်လိုအပ်သော ကတ္တရာများ ထောက်ပံ့ပေးနိုင်ရေး၊ မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများမှ ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နှုန်းနှင့် ဝင်ငွေခွန် ၂ ရာခိုင်နှုန်းတို့ကို သက်ဆိုင်ရာမြို့နယ်သို့ ပေးသွင်းကောက်ခံနိုင်ရေး ညှိနှိုင်းပေးနိုင်ရန်” တင်ပြခဲ့သည်။
ကိုးကန့်ယဉ်ကျေးမှုအဖွဲ့ ဦးထွန်းရင်မှ ကိုးကန့်တိုင်းရင်းသား၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများ စိစစ် ထုတ်ပေးမှုအပေါ် ဖြေလျှော့ပေးနိုင်ရေး၊ မြို့မိမြို့ဖ ဦးအယ်လ်တိန့်ဘောမ်မှ တရားဥပဒေစိုးမိုးရေးနှင့် ဒေသလုံခြုံရေးကောင်းမွန်စေရန်အတွက် မြို့ချင်းဆက်လမ်းများ၊ ရွာချင်းဆက်လမ်းများ အဆင့်မြှင့်တင်ပေးရေး၊ သံလွင်မြစ်ကူးတံတားအသစ်ကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ရေး၊ နယ်စပ်ကုန် သွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးစောသန်းလင်မှ စိုက်ပျိုးရေးထွက် သီးနှံများ တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချမှုများအား တရုတ်နိုင်ငံမှာ တားဆီးပိတ်ပင်ထားရှိမှုအခြေအနေများအပေါ် ပေါင်းစပ်ဆောင်ရွက်ပေးနိုင်ရေးနှင့် ကွမ်းလုံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးလှဝေမှ သိမ်းဆည်းခံရသည့် မြေရာကိစ္စရပ်များ အသီသီး တင်ပြခဲ့သည်။
ယင်းနောက် တင်ပြဆောင်ရွက်မှုများအပေါ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများက ရှင်းလင်းဖြေကြားခဲ့ရာ လမ်းခင်းရန် လိုအပ်သော ကတ္တရာများကို ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးဗလာစာအုပ်များကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးကလည်းကောင်း၊ အားကစာပစ္စည်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးကလည်းကောင်း အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရရှိခဲ့သည်။
အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဍ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းလုံကျော်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခွန်ရဲထွေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာညီညီအောင်၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ဝန်ကြီး ဦးစိုင်းစွံဆိုင်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ လားဟူ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး ဦးယောသပ်၊ ပြည်နယ်ဥပေဒေချုပ် ဦးတင်ဦး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးစိုးစိုးဇော်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြိုဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ နိုင်ငံရေး ပါတီများနှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းခိုင်ဇော်(ပြန်/ဆက်)


