တောင်ကြီး နိုဝင်ဘာ ၈
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး ကျင်းပသည့် မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် -၂၀၂၅ တွင်ပါရှိသည့် ပထဝီ နိုင်ငံရေး၊ စီးပွားရေးနှင့် အဆင့်မြင့် ပညာရေးတွင် သုတေသနအရေး ပါမှုအကြောင်း အသိပညာပေး ဟောပြောပွဲနှင့် လူငယ်စစ်တမ်း ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီ က တောင်ကြီးမြို့ တောင်ကြီး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပညာရေးဒီဂရီကောလိပ် (တောင်ကြီး) မှ သင်တန်းသား သင်တန်းသူများက လူငယ် စွမ်းရည်သီချင်းဖြင့် ဂုဏ်ပြု ဖျော်ဖြေကြသည်။
ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ ကို ကျင်းပရခြင်း၏ ရည်ရွယ်ချက်သည် နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေးနှင့် အမျိုးသားမဟာ ဗျူဟာနှင့်ပတ်သက်သည့် အခြေခံ အသိပညာ ဗဟုသုတများရှိစေရန်၊ လူငယ်များအကြား ခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေး ကျွမ်းကျင်မှု အရည်အချင်းမြှင့်တင်ရန်၊ အပြန်အလှန် ဆွေးနွေးပြောဆိုမှုများမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်မှု၊ ဆွေးနွေးနှီးနှောမှုနှင့် ပြည်သူ့နီတိ ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ရန် လူငယ်များ မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အနာဂတ် လမ်းကြောင်းများကို ရှုမြင်အဆို ပြုနိုင်စွမ်းမြှင့်တင်ရန်၊ အနာဂတ်တွင် အမျိုးသားအဆင့်နှင့် ဒေသ ဆိုင်ရာအဆင့် လုပ်ငန်းအစီအစဉ်များအတွက် တက်ကြွသည့် ဖိုရမ် ဆင်း လူငယ်ကွန်ရက်ကို ဖန်တီးပေးရန် စသည့် ရည်ရွယ်ချက်များနှင့် ကျင်းပပေးခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြန်မာ့ပုံရိပ် ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦးနှင့် လူငယ်စွမ်းရည်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည့် ပညာရေးဒီဂရီကောလိပ် (တောင်ကြီး)မှ ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုလက်ဆောင် ပေးအပ်သည်။
ဆက်လက်၍ မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့မှ ဒေါက်တာ ဇော်ဦးက မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ် - ၂၀၂၅ ပါ ပထဝီနိုင်ငံရေး၊ စီးပွားရေးနှင့် အဆင့်မြင့်ပညာရေးတွင် သုတေသနအရေးပါမှု အကြောင်းများကို အသိပညာပေး ဟောပြောသည်။
ထို့နောက် အသိပညာပေး ဟောပြောခဲ့သည့် အကြောင်းအရာနှင့်ပတ်သက်၍ တက်ရောက်လာသည့် ကျောင်းသား ကျောင်း သူများနှင့် အမေးအဖြေကဏ္ဍများ ပြုလုပ်ခြင်း၊ လူငယ်စစ်တမ်း ဖြေဆိုခြင်း၊ စစ်တမ်းတွေ့ရှိချက်အချို့ ပြန်လည်တင်ပြခြင်း၊ သုတေသန အခွင့်အလမ်းများအကြောင်း ရှင်းလင်းဖြေဆိုခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)


