နေပြည်တော် နိုဝင်ဘာ ၅
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ တောင်ကြီး တန်ဆောင်တိုင် ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပ လျက်ရှိပြီး အဆိုပါပွဲတော်၌ မီးပုံးပျံပြိုင်ပွဲကြီးကို နေ့မီးနှင့် ညမီးဟူ၍ နှစ်မျိုးခွဲကာ ပြိုင်ပွဲများ ကျင်းပပေးလျက်ရှိသည်။
ယင်းမီးပုံးပျံ ပြိုင်ပွဲကြီးတွင် နေ့ပိုင်းအလှလွှတ် မီးပုံးပျံများသည် အများအားဖြင့် တိရစ္ဆာန်ရုပ်ပုံများ ဖြစ်ပြီး နေ့လွှတ်အရုပ်ပြိုင်ပွဲတွင် အရုပ်ခြေနှစ်ချောင်း၊ အရုပ်ခြေ လေးချောင်းများဖြစ်ကာ ညလွှတ် မီးပုံးပျံများ၌လည်း ညမီးကြီးနှင့် စိန်နားပန်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ညမီးကြီးတွင် မီးပုံးပျံအောက်ဆွဲ၌ ယမ်းခွေများပါဝင်ပြီး မီးပုံးပျံ ပျံတက်သည့်ကာလအတွင်း မီးရှူး မီးပန်းများ ပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်ကြကြောင်းနှင့် စိန်နားပန်သည် မီးပုံးပျံအပြင် ကိုယ်ထည်ပေါ်နှင့် အောက်ဆွဲ၌ မီးပုံးအရောင်အမျိုးမျိုးနှင့် ရုပ်ပုံများ၊ စာလုံးများကို ပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံးအမျိုး အစားဖြစ်ကြောင်း သိရှိရသည်။ အဆိုပါပွဲတော်ကြီးသို့ အနယ်နယ် အရပ်ရပ်မှ မိဘပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင် ဆင်နွှဲလျက်ရှိသည်။
ယခုနှစ်တွင် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှစတင်၍ တောင်ကြီးမြို့ အဝေရာမီးပုံးပျံကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက် ကျင်းပလျက်ရှိရာ တောင်ကြီးမြို့ပေါ်ရပ်ကွက်များမှ ပြိုင်ပွဲဝင်အသင်းများ၊ ကုမ္ပဏီ အသင်းအဖွဲ့များမှ ပြိုင်ပွဲဝင် အသင်းများနှင့် တောင်ကြီးမြို့ အနီးဝန်းကျင် မြို့၊ ရွာများမှ ပြိုင်ပွဲ ဝင်အသင်းများက အတီးအမှုတ်၊ အကအခုန်များနှင့် ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင် လွှတ်တင်လျက်ရှိကြရာ အနယ်နယ်အရပ်ရပ်မှ မိဘပြည်သူများက အေးချမ်းပျော်ရွှင်စွာဖြင့် ပါဝင်ဆင်နွှဲလျက် ရှိပြီး နေ့စဉ် ပရိသတ် ၂၅၀၀၀၀ ခန့် လာရောက်ကြည့်ရှုကြကြောင်း သိရသည်။
အဆိုပါ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကြီးတွင် ညမီးကြီး ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး၊ စိန်နားပန် ၁၈ ပေ ၃၇ လုံး စုစုပေါင်းအလုံး ၈၀၊ နေ့လွှတ် အရုပ် မီးပုံးပျံ အရုပ်ခြေနှစ်ချောင်း ၁၉၃ လုံး၊ အရုပ်ခြေလေးချောင်း ၉၃ လုံး၊ အရုပ်အုပ်စု ၇၅ လုံး၊ စုစုပေါင်း ၃၆၁ လုံး ပါဝင်ယှဉ်ပြိုင် သွားမည်ဖြစ်ပြီး ညလွှတ်မီးပုံးပျံ ကို ညနေ ၆ နာရီခွဲမှ ပွဲစဉ်ပြီးဆုံး သည် အထိ လွှတ်တင်သွားမည် ဖြစ်ကာ နေ့လွှတ်အရုပ်ပြိုင်ပွဲကို မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီ အထိ နေ့ရက်အလိုက် လွှတ်တင် သွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ခေတ်ပေါ်တေးဂီတ တီးဝိုင်းများ၊ တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေ တင်ဆက်ခြင်း၊ မြို့လုံးကျွတ် ဘုံကထိန် ပဒေသာပင်လှည့်လည်ခြင်း၊ မသိုးသင်္ကန်း ရက်လုပ်ပူဇော် ခြင်း၊ မီးပဒေသာ လှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက်ကြသည်။
ရှမ်းပြည်နယ်၏ အထင်ကရ ပွဲတော်တစ်ခုဖြစ်သည့် တောင်ကြီး တန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကို အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွားမည်ဖြစ်သော်လည်း လက်ရှိ မိုးလေဝသ ရာသီဥတု အခြေအနေများကြောင့် ပွဲတော်ရက်အား သုံးရက်တိုးကာ နိုဝင်ဘာ ၈ ရက် အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


